ကက်သလစ်ခရစ်ယာန် သာသနာဝင်တို့ရဲ့ ဦးသျှောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ်ကျောင်းတော်ရဲ့ အကြီးအကဲအဖြစ် ထမ်းရွက်တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း အရှည်ဆုံး ခရီးစဉ်တစ်ခုကို မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။
ပုပ်ဖရန်စစ်ဟာ တနင်္လာနေ့မှာ ဗာတီကန်မြို့ကနေ ထွက်ခွာပြီး အာရှပစိဖိတ်ဒေသက နိုင်ငံလေးနိုင်ငံကို ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာပါ။
သွားရောက်မဲ့နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီ၊ တီမောလက်စ်တီနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ ဖြစ်ပါတယ်။
ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ဒေသတွင်းက ကက်သလစ်သာသနာဝင်တွေနဲ့ ထိတွေ့ရုံသာမကဘဲ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ပါ ထိတွေ့ဆက်ဆံမှု ပြုလုပ်သွားဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း လေယာဉ်စီးနင်းချိန် (၄၃)နာရီနဲ့ ခရီး အကွာအဝေး (၃၂၀၀၀) ကီလိုမီတာအထိ ရှိမှာဖြစ်လို့ ပုပ်ရဲ့ ဗာတီကန်ပြင်ပ အကြာရှည်ဆုံး ခရီးစဉ်တစ်ခု ဖြစ်လာမှာပါ။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက အဆုတ်ရောဂါနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကြောင့် ပုပ်ဟာ ခရီးစဉ်တချို့နဲ့ အစည်းအဝေးတချို့ကို ရွှေ့ဆိုင်းဖျက်သိမ်းရတာတွေ ရှိခဲ့ပါတယ်။
အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ပိုင်း ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။