(၂၀၂၄-၂၀၂၅)ဘောလုံးရာသီရဲ့ ယူရိုပါလိဂ်မဲခွဲပွဲကို ဩဂုတ်လ(၃၀)ရက်နေ့က ပြင်သစ်နိုင်ငံ၊ မိုနာကိုမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မဲခွဲပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ ယူရိုပါလိဂ်မဲခွဲပွဲကို ဆက်လက် ပြုလုပ်ခဲ့တာပါ။
အခုယူရိုပါလိဂ်မှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ စပါးအသင်းတို့ပါဝင်ခဲ့ကြပြီး ပရိသတ်တွေအတွက်လည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်တွေအဖြစ် ရိန်းဂျား၊ PAOK၊ ဘိုဒိုဂလင့်၊ တွမ်တီးအသင်းတို့နဲ့ အိမ်ကွင်းပွဲစဉ်ကစားသွားရမှာဖြစ်ပြီး ပေါ်တို၊ ဖီနာဘာချီ၊ ဗစ်တိုးရီးယား ပယ်လ်ဇန်၊ စတူအာဘူခါရက်အသင်းတို့နဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဖီနာဘာချီ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာကြောင့် နည်းပြဟောင်းမော်ရင်ဟိုနဲ့ ပြန်လည်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
စပါးအသင်းက ရိုးမား၊ အယ်ခမာ၊ ကွာရာဘတ်၊ အက်ဖ်ဘော့အသင်းတွေနဲ့ အိမ်ကွင်းပွဲစဉ် ကစားမှာဖြစ်သလို ရိန်းဂျား၊ ဖီရန်ဗာရို့စ်၊ ဂါလာတာစာရေး၊ ဟော့ဖန်ဟိမ်းအသင်းတို့နဲ့ အဝေးကွင်းမှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲကို အခုဘောလုံးရာသီမှာ ပုံစံသစ်ပြောင်းလဲခဲ့တာဖြစ်ပြီး ကလပ်အသင်းတစ်သင်းက မတူညီတဲ့ ပြိုင်ဘက်အသင်း(၈)သင်းနဲ့ အရင်ဆုံး ကစားသွားရမှာဖြစ်ပါတယ်။
ပွဲစဉ်အားလုံးပြီးဆုံးချိန်မှာ အမှတ်ပေးဇယားရဲ့ ရမှတ်အများဆုံး ထိပ်ဆုံး(၈)သင်းက ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။