နောက်ခံလူ ထရစ်ပီယာဟာ အင်္ဂလန်လက်ရွေးစင်အဖြစ်ကနေ အနားယူလိုက်ပြီလို့ ဩဂုတ်လ ၂၉ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် ထရစ်ပီယာဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၅၄ ပွဲ ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားအသင်းဘက်ကို သွင်းယူခဲ့တဲ့ ဂိုးက သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ တစ်လုံးတည်းသော သွင်းဂိုး ဖြစ်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းရဲ့ ညာနောက်ခံလူလည်း ဖြစ်တဲ့ ထရစ်ပီယာဟာ ၂၀၁၇ မှာ အင်္ဂလန်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ စိတ်ကြိုက်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
လက်ရွေးစင်အသင်းအတွက် ၅၄ ပွဲအထိ ကစားပေး ဖို့ဆိုတာက ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို အခုလိုမျိုးပွဲတွေ ကစားခွင့်ရခဲ့တာက ဂုဏ်ယူစရာဖြစ်တယ်လို့ ထရစ်ပီယာက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။
အင်္ဂလန်အသင်းနဲ့ ယူရိုဖိုင်နယ်ကို ၂ ကြိမ်ဆက်တက်ခွင့် ရခဲ့သလို အမှတ်ရစရာတွေလည်း အများကြီးရှိခဲ့တဲ့အတွက် အသင်းဖော်တွေကို ကျေးဇူးတင်မိတယ်လို့လည်း ရေးသားထားပါတယ်။
ထရစ်ပီယာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ဗိုလ်လုပွဲ မတိုင်ခင် ကစားခဲ့တဲ့ ၆ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ပွဲထွက်ကစားခွင့်မရ ဖြစ်ခဲ့ပါတယ်။