ယူအက်စ်အိုးပင်းချန်ပီယံဟောင်း စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ဟာ အခုနှစ် ယူအက်စ်အိုးပင်း အမျိုးသား တစ်ဦးချင်းမှာ ဒုတိယအဆင့်ကနေပဲ ထွက်လိုက်ရပါတယ်။
ဩဂုတ်လ ၂၉ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအဆင့် ပွဲမှာ အယ်ကာရက်ဇ်က နယ်သာလန်နိုင်ငံသား ဇန်ချက်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး အယ်ကာရက်ဇ် တစ်ယောက် ပုံမှန်လက်စွမ်းပျောက်ဆုံးနေခဲ့လို့ ရုန်းကန်ခဲ့ရပါတယ်။
အယ်ကာရက်ဇ်ဟာ အခုပွဲစဉ်မတိုင်ခင် ပြင်သစ်အိုးပင်းနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကိုရရှိထားသလို ဂရင်းစလမ် ပွဲစဉ် ၁၅ ပွဲဆက် အနိုင်ရထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုပွဲစဉ်မှာတော့ ကမ္ဘာ့အဆင့် ၇၅ မှာရပ်တည်နေတဲ့ ဇန်ချက်က ကမ္ဘာ့အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အယ်ကာရက်ဇ်ကို (၆း၁၊ ၇း၅၊ ၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယ အဆင့်ကို တက်သွားခဲ့ပါတယ်။
အယ်ကာရက်ဇ်အတွက်တော့ ၂၀၂၁ ဝင်ဘယ်ဒန်ပြိုင်ပွဲနောက်ပိုင်း ဂရင်းစလမ် ပြိုင်ပွဲတစ်ခုမှာ အစောဆုံး ထွက်ခွာရမှု ဖြစ်လာခဲ့ပါတယ်။ ယူအက်စ်အိုးပင်းမှာ အမြင့်ဆုံးအဖြစ် ကွာတားဖိုင်နယ် အထိသာ တက်နိုင်ခဲ့တဲ့ ဇန်ချက်ဟာ တတိယအဆင့်မှာတော့ ဗြိတိန်တင်းနစ်သမား ဒရာပါနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။