ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုလန်ဂိုးသမား ဆက်ဇနီဟာ ဘောလုံးလောကကနေ အနားယူဖို့ဆုံးဖြတ်လိုက်ပြီလို့ ဩဂုတ်လ(၂၇)ရက်နေ့မှာ ပရိသတ်တွေကို တရားဝင်ကြေညာသွားခဲ့ပါတယ်။
ဆက်ဇနီဟာ အခုမှအသက်(၃၄)နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း ဘောလုံး ဆက်ကစားဖို့ ဆန္ဒမရှိတော့တာကြောင့် ကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။
ဘောလုံး လောကကို ဖြတ်သန်းလာခဲ့တာ (၁၈)နှစ်ကြာခဲ့ပြီဖြစ်သလို ခန္ဓာကိုယ်ကလည်း စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့ အတွက် အဆင်သင့်ဖြစ်နေသေးပေမယ့် ဘောလုံးဆက်ကစားဖို့ ဆန္ဒမရှိတော့တာကြောင့် အနားယူဖို့ဆုံးဖြတ်ခဲ့ တာလို့ ဆက်ဇနီက သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့်မှာ တရားဝင်ရေးသားခဲ့ပါတယ်။
အခုအချိန်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီး မိသားစုကိုပဲ အချိန်ပေးတော့မယ်လို့ ဆက်ဇနီက ဆက်လက် ပြောကြားခဲ့ပါသေးတယ်။
ဆက်ဇနီဟာ သူ့ရဲ့ကစားသမားဘဝမှာ ဂျူဗင်တပ်အသင်းအပြင် ရိုးမားနဲ့ အာဆင်နယ် အသင်းတို့မှာလည်း ကစားခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။