ဒဲလ်တာလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကို ပြုပြင်ထိန်းသိမ်းမှုတွေလုပ်နေရင်းကနေ အလုပ်သမား နှစ်ယောက် သေဆုံးပြီး တစ်ယောက် ပြင်းထန်ဒဏ်ရာရခဲ့ရတဲ့ ကိစ္စကို စတင်စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ အေဂျင်စီက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
ဒဲလ်တာ လေကြောင်းလိုင်းကလည်း အတ္တလန္တာလေဆိပ်အနီးက ဒဲလ်တာရဲ့ နည်းပညာစင်တာက ဌာနတစ်ခုမှာ အင်္ဂါနေ့ မနက်(၅)နာရီခန့်မှာ အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
အဲဒီဌာနမှာ ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ ဖြုတ်ထားတဲ့ လေယာဉ်ဘီး ပြင်ဆင်မှုလုပ်နေရင်းက သေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရ အလုပ်သမားကတော့ ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ ဒဲလ်တာက ပြောပါတယ်။
အဲဒီအလုပ်သမားတွေရဲ့ သတင်းက ကြားရသူအားလုံးအတွက် ကြေကွဲနာကျင်စရာဖြစ်ပြီး အဲဒီလုပ်ငန်းခွင်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဆုံးဖြတ် နိုင်ဖို့အတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှု အပြည့်အ၀ လုပ်ဆောင်နေကြောင်း ဒဲလ်တာ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။