မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း ၃၄၆၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်ကို ဩဂုတ် ၂၆ ရက်က ထုတ်ရောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေနဲ့ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Market Online Trading Platform ကနေရောင်းချပေးခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၂၆ ရက် တစ်ရက်တည်းမှာပင် ဗဟိုဘဏ်ရဲ့ရောင်းချပေးမှုအပါအဝင် အမေရိကန်ဒေါ်လာ ၄၈ သန်းကျော်အတွက် လွှဲပြောင်းမှု ၁၃၅ ကြိမ်ရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်ကထုတ်ပြန်ကြေညာပြီးနောက် ဩဂုတ် ၁၅ ရက်က တစ်ဒေါ်လာကို ၃၄၀၀ ကျပ်နဲ့ ဒေါ်လာ ၉ သန်းကျော်၊ ဩဂုတ် ၁၉ ရက်ကတစ်ဒေါ်လာကို ၃၄၁၀ ကျပ်နဲ့ ဒေါ်လာသန်း ၉၀ နီးပါးနဲ့ ဩဂုတ် ၂၂ ရက်ကတော့ တစ်ဒေါ်လာကို ၃၄၄၀ ကျပ်နဲ့ ဒေါ်လာ ၃၁ သန်းကို ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ပါတယ်။