တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ကြည်းတပ်၊ လေတပ်တွေ ပါဝင်တဲ့ သုံးရက်ကြာ စစ်ရေး လေ့ကျင့်မှုကို မြန်မာနိုင်ငံနယ်စပ်ဒေသအနီးမှာ အင်္ဂါနေ့က စပြီး ပြုလုပ်နေတယ်လို့ တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ စောင့်ကြည့်ထောက်လှမ်းရေး ၊ ကြိုတင်သတိပေးမှု ၊ နယ်မြေထိန်းချုပ်မှုနဲ့ လက်နက်ပစ်ခတ်နိုင်တဲ့ စွမ်းရည်တွေကို အဓိက ရည်ရွယ်ပြုလုပ်မဲ့ စစ်ရေးလေ့ကျင့်မှုလို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်နယ်ဝန်း စစ်ဌာနချုပ်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တိယန်ယွန်လီက သူရဲ့တရားဝင် Wechat အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ အချုပ်အခြာ အာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းစိတ်ချရမှုနဲ့ လုံခြုံမှုရှိစေဖို့ အတွက် ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို တုံ့ပြန်နိုင်အောင် ပြင်ဆင်ထားတယ်လို့ လည်း ဖြည့်စွက်ပြောထားပါတယ်။
စစ်ရေးလေ့ကျင့်မဲ့ ဇုန်ထဲမှာ ဟူယူနဲ့ ဝန်ဒင်မြို့နယ်တွေနီးက ရွှေလီမြို့၊ မန်ဒွီ မြို့နယ်အနီးက ချန်ကန်စီရင်စု ၊ မန်ဒင်းမြို့နယ်အနီးက ဂန်မာဒိုင်းနဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။