ဗီယက်နမ်အမျိုးသားလွှတ်တော်က ဒုတိယဝန်ကြီးချုပ်အသစ် (၃)ယောက်အပြင် သဘာ၀ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးနဲ့ တရားရေးဝန်ကြီးတို့ကို တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။
ဟနွိုင်းမြို့တော်မှာ တစ်ရက် တာ ခေါ်ယူကျင်းပခဲ့တဲ့ အဲဒီလွှတ်တော် အထူးအစည်းအဝေးမှာ အခုလို ဝန်ကြီးအသစ်ခန့်အပ်မှုတွေ လုပ်ခဲ့တာပါ။
ဒုတိယဝန်ကြီးချုပ်အသစ်တွေအဖြစ် ခန့်အပ်ခံရသူတွေကတော့ နိုင်ငံခြားရေးဝန်ကြီး ဘွီသန်းဆွန်း၊ ဘဏ္ဍာရေးဝန်ကြီး ဟိုဒတ်ဖူနဲ့ တရားသူကြီးချုပ် ငုယင်ဟောင်ဘင် တို့ပဲဖြစ်ကြပါတယ်။
အဲဒီအစည်းအဝေးနဲ့အတူ ဒုတိယဝန်ကြီးချုပ် (၂)ယောက်ရဲ့ သက်တမ်းကိုလည်း အဆုံးသတ်သွားခဲ့စေပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ဒုတိယဝန်ကြီးချုပ် ထရန်လူးကွမ်ကို ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုစီးပွားရေးကော်မီတီ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီးတော့ အစိုးရအဖွဲ့ရဲ့ အထွေထွေ စီးပွားရေးကိစ္စရပ်တွေကို ကိုင်တွယ်ရတဲ့ ဒုတိယဝန်ကြီးချုပ် လီမင်းခိုင်ကိုတော့ အခုလဆန်းပိုင်းတုန်းက ပါတီစည်းမျဉ်းတွေကို ဖောက်ဖျက်မှုနဲ့ ပါတီနိုင်ငံရေး ဦးဆောင်အဖွဲ့ ပေါ်လစ်ဗျူရိုကနေ အရေးယူခဲ့ပါတယ်။
တနင်္လာနေ့က အစိုးရအဖွဲ့ဝင်နေရာသစ် ပြောင်းလဲ ခန့်အပ်မှုတွေဟာ ဗီယက်နမ်နိုင်ငံမှာ သမ္မတနှစ်ယောက် နဲ့ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်တို့ အမှားကျူးလွန်မှု စွပ်စွဲချက်တွေနဲ့ ရာထူးကနေ ဆင်းပေးခဲ့ရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ရာထူးနေရာ အပြောင်းအလဲ တွေ ဖြစ်ပါတယ်။
အခုခန့်အပ်မှုတွေလုပ်ပြီးနောက် ဝန်ကြီးချုပ် ဖမ်မင်ချင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင် တဲ့ ဒုတိယဝန်ကြီးချုပ်အရေအတွက်ဟာ (၅)ယောက်အထိ ရှိလာမှာဖြစ်ပါတယ်။