အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့ ပထမဆုံးနိုင်ငံခြားသားနည်းပြဖြစ်ခဲ့တဲ့ ဆွီဒင်လူမျိုးနည်းပြ ဆဗင် ဂိုရန် အဲရစ်ဆင်ဟာ အသက် ၇၆ နှစ်အရွယ် ဩဂုတ်လ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
၁၉၈၀ ကနေ ၁၉၉၀ အလွန်ကာလတွေမှာ ဆွီဒင်၊ ပေါ်တူဂီနဲ့ အီတလီကလပ်အသင်းတွေကို တာဝန်ယူခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေရခဲ့တဲ့ အဲရစ်ဆင်ဟာ ၂၀၀၁ မှာ အင်္ဂလန်အမျိုးသားလက်ရွေးစင်အသင်းနည်းပြ တာဝန်ကို ရယူခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းမှာတော့ အဲရစ်ဆင်ဟာ ပန်ကရိယကင်ဆာကို ခံစားနေရပြီး သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်တော့မှာဖြစ်တယ်လို့ အသိပေးထားခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ဆင်ရဲ့ အေးဂျင့် ဖြစ်တဲ့ ဂူစတက်ဗ်ဆင်က ဩဂုတ်လ ၂၆ ရက် မနက်ပိုင်းမှာ အဲရစ်ဆင်ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ တရားဝင် ပြောကြားလိုက်ပြီးနောက် ဘောလုံးကမ္ဘာအသိုင်းအဝိုင်းက အဲရစ်ဆင်နဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်းတွေ ထုတ်ပြန်ခဲ့ကြပါတယ်။
အဲရစ်ဆင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ တွေမှာ ကွာတားဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယူရို ၂၀၀၄ ပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်လို့ ပြောလို့ ရတဲ့ ဘက်ဟမ်း၊ ပေါလ်စခိုးလ်၊ လမ်းပတ်၊ ရွန်းနီနဲ့ ဂျရတ်တို့လို ကစားသမားတွေကို ကိုင်တွယ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။