ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှာ ဩဂုတ် ၂၄ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် အမျိုးသမီးကြီးတစ်ယောက်သေဆုံးခဲ့တယ်လို့ ကရုဏာတွဲလက်လူမှုကူညီရေးပရဟိတအသင်း (လှိုင်သာယာ)ကနေသိရပါတယ်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက်၊ ည ၁၀ နာရီကျော်လောက်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊(၂၀) ရပ်ကွက်၊ ဆရာစံလမ်းရှိနှစ်ထပ်နေအိမ်တစ်အိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်၊၊ မီးလောင်မှု ဖြစ်ပွားတဲ့နေရာကို Level 1 မီးသတ်ယာဉ်အုပ်စုတွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မိနစ် ၄၀ အကြာမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကတော့ နေအိမ်အတွင်း ဝါယာရှော့ဖြစ်ပြီး အိမ်အောက်ရှိ ဆီပေပါအသေးတွေပေါက်ကွဲမှုဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကရုဏာတွဲလက်လူမှုကူညီရေးပရဟိတအသင်း(လှိုင်သာယာ)က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အဲဒီ မီးလောင်မှုကြောင့် အသက်(၆၅)နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့လို့ လှိုင်သာယာပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်၊၊
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ(၂)လမ်းမှာ ဩဂုတ် ၂၅ရက်၊ ည ၈ နာရီခွဲလောက်က နေအိမ်တစ်အိမ်မှာ ဖယောင်းတိုင်နဲ့ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး မီးလောင်ခဲ့တယ်လို့အခင်းဖြစ်ရပ်ကွက်နေထိုင်သူတွေကပြောပါတယ်။