အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ သြဂုတ် ၂၃ ရက်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့ ကိယက်ဗ်မှာ တွေ့ဆုံ ပြီး ရုရှားနဲ့ ယူကရိန်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
မိုဒီက သမ္မတပူတင်နဲ့ သံတမန်ရေးရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဇယ်လန်းစကီးကို တိုက်တွန်းခဲ့ပြီး စစ်မြေပြင်မှာ ပဋိပက္ခကို ဖြေရှင်းလို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဇူလိုင် ၈ ရက်နဲ့ ၉ ရက်က မော်စကိုမြို့ကို မိုဒီ သွားရောက်ခဲ့ပြီးနောက် ကိယက်ဗ် ခရီးစဉ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
မိုဒီရဲ့ မော်စကိုခရီးစဉ်ဟာ ရုရှားတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့က ကလေးဆေးရုံမှာ အသေအပျောက်များတဲ့ ထိခိုက်မှုဖြစ်ချိန်နဲ့ တိုက်ဆိုင်နေလို့ အမေရိကန်နဲ့ ယူကရိန်းတို့ဆီက ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
အပြစ်မဲ့ကလေးတွေ သေဆုံးရတာကို ရှုတ်ချတယ်လို့ မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောဆိုခဲ့လို့ ဆိုပါတယ်။
ဒါပေမဲ့ အိန္ဒိယနဲ့ ရုရှားတို့ဟာ ဆိုဗီယက်ယူနီယံ လက်ထက် ကတည်းက ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ဆက်ရှိနေခဲ့ပြီး နယူးဒေလီဟာ မော်စကိုက ယူကရိန်းအပေါ် တိုက်ခိုက်မှုကို ရှုတ်ချတာ မရှိသေးပါဘူး။