ဩဂုတ်လ ၂၃ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ စပိန်တိုးစက်ဘီးစီးပြိုင်ပွဲ အဆင့် ၇ မှာ ဘယ်လ်ဂျီယံနိုင်ငံသား ဗန်အက် အနိုင်ရခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာ ဒုတိယမြောက် နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
အဆင့် ၇ အဖြစ် အာချီဒိုနာကနေ ကော်ဒိုဘာအထိ ၁၈၀ ကီလိုမီတာခရီးကို ပြိုင်ပွဲဝင်တွေယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဗန်အက်က အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အဆင့်ပြီးဆုံးဖို့ ၂၆ ကီလိုမီတာ အလိုမှာတော့ အကောင်းဆုံးပုံစံနဲ့အတူ ဦးဆောင်သူနေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ပွဲပြီးဆုံးခါနီးမှာ ပြိုင်ဘက်တွေကလည်း ဗန်အက်ကို အမီလိုက်နိုင်ဖို့ ကြိုးစားခဲ့လို့ ပန်းဝင်ကာနီး အချိန်မှာတော့ အကြိတ်အနယ် ရှိခဲ့ပါတယ်။
ဗန်အက်က ၄ နာရီ ၁၅ မိနစ် ၄၉ စက္ကန့်နဲ့ အနိုင်ရခဲ့ပြီး ချက်နိုင်ငံသား ဗာဆက်၊ စပိန်နိုင်ငံသား မီကွယ်တို့က ဗန်အက်နဲ့ စံချိန်တူရခဲ့ပေမယ့် ဒုတိယ၊ တတိယနေရာတွေနဲ့သာ ကျေနပ် ခဲ့ရတာဖြစ်ပါတယ်။
အဆင့် ၇ အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ ဩစတြေးလျနိုင်ငံသား အိုကွန်နာက ၂၇ နာရီ ၄၄ မိနစ် ၀၇ စက္ကန့်နဲ့ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပြီး စလိုဗေးနီးယားနိုင်ငံသား ရိုဂလစ်က ၄ မိနစ် ၄၅ စက္ကန့်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့မှာတော့ အဆင့် ၈ အဖြစ် ၁၅၉ ကီလိုမီတာခရီးကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။