အမေရိကန် လက်ဝှေ့သမား ဖလွိုက် မေဝယ်သာက ဂေါ့တီနဲ့ထိုးသတ်မယ့် သရုပ်ပြပွဲမှာ ပရိသတ်တွေ အမှတ်တရ ဖြစ်စေမယ့် လက်စွမ်းနဲ့ထိုးသတ်ပြမယ်လို့ ကတိပေးသွားခဲ့ပါတယ်။
၂၀၁၇ မှာ ရှုံးပွဲမရှိမှတ်တမ်းနဲ့ ပရိုလက်ဝှေ့ လောကကနေ အနားယူခဲ့တဲ့ မေဝယ်သာဟာ လာမယ့် ဩဂုတ်လ ၂၄ ရက်နေ့ မက္ကဆီကိုစီးတီးမှာ ဂေါ့တီနဲ့ သရုပ်ပြပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။
မေဝယ်သာနဲ့ ဂေါ့တီတို့ဟာ ၂၀၂၃ ဇွန်လက ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ရာမှာ ကွင်းလယ်ဒိုင်လူကြီးက ပွဲကိုဖျက်သိမ်းခဲ့ပြီးနောက် ကြိုးဝိုင်းအတွင်း နှစ်ဖက်ကစားသမားတွေ အပြန်အလှန် ထိုးကြိတ်မှုနဲ့ ပွဲကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အခုတစ်ကြိမ်ဆုံတွေ့မှုက သရုပ်ပြပွဲဆိုတာ ထက် ပိုမိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မေဝယ်သာက စနေညပွဲမှာ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြသွားမှာဖြစ်သလို နောက်ဆုံး အချီအထိ ပြိုင်ဘက်ကို တိုက်ခိုက်ပြသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
မေဝယ်သာဟာ ပရိုလက်ဝှေ့သမား ဘဝ ပွဲပေါင်း ၅၀ ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မာစီယာနိုရဲ့ ရှုံးပွဲမရှိ ပွဲအများဆုံး စံချိန်ကို ချိုးဖျက်ထားခဲ့သူ ဖြစ်ပါတယ်။
စနေညမှာ မေဝယ်သာနဲ့ ရင်ဆိုင်ရမယ့် ဂေါ့တီကတော့ ၂၀၁၇ မှာ ကိုယ်ခံပညာအတိုက်အခိုက်အားကစားလောကထဲ ဝင်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ ပရိုလက်ဝှေ့လောကထဲကို ကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။