ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ဖို့နဲ့ သက်သေခံပစ္စည်းစီမံထိန်းသိမ်းရေးနဲ့ စီမံခန့်ခွဲရေးဥပဒေကို အသစ်ပြဋ္ဌာန်းရမှာဖြစ်တယ်လို့ နစကအဖွဲ့ဝင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ်။
ဩဂုတ် ၂၁ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာကျင်းပတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့တာပါ။
နိုင်ငံတကာငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ FATF ရဲ့ Action Plan မှာပါရှိတဲ့ အချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ရေးဆောင်ရွက်နေသလို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ဖို့နဲ့ သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနဲ့ စီမံခန့်ခွဲရေးဥပဒေကို အသစ်ပြဋ္ဌာန်းရမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမတိုင်ခင် တိုးတက်မှုပြသနိုင်ဖို့ Action Plan မှာပါရှိတဲ့အချက်တွေကို သက်ဆိုင်ရာဌာနတွေအလိုက်အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၄-၂၀၂၈)မူကြမ်းကိုအတည်ပြုခဲ့ပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်။