ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ လက်ရှိချန်ပီယံဆုကို ကာကွယ်ရမယ့် အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်ဟာ လေ့ကျင့်ပြင်ဆင်မှုတွေကို ဩဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ယူအက်စ်အိုးပင်း ပြိုင်ပွဲက အခုနှစ်ရဲ့ နောက်ဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်ပြီး ကိုကိုဂတ်ဖ်က အခုနှစ်ပြိုင်ပွဲမှာ အနိုင်ရဖို့ ထိပ်ဆုံးက ရေပန်းစားနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုကိုဂတ်ဖ်ဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ စင်စင်နာတီပြိုင်ပွဲမှာ ပထမအဆင့်ကနေပဲ ထွက်ခဲ့ရတာဖြစ်လို့ သူမရဲ့လက်စွမ်းကို အခုထက်ပိုကောင်းလာဖို့ ကြိုးစားရမှာဖြစ်တယ်လို့ သုံးသပ်ပြောကြားမှုတွေလည်း ရှိနေပါတယ်။
ကိုကိုဂတ်ဖ်ဟာ အခုနှစ် ဩစတြေးလျအိုးပင်းမှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ဝင်ဘယ်ဒန်ပြိုင်ပွဲမှာတော့ စတုတ္ထအဆင့်အထိသာ တက်ရောက်နိုင်ခဲ့တာပါ။
အခုနှစ်မှာ ကောင်းမွန်တဲ့ လက်စွမ်းတွေနဲ့အတူ ကမ္ဘာ့အဆင့်-၅ နေရာကို တက်လာနိုင်ခဲ့တဲ့ အီတလီတင်းနစ်မယ် ပါအိုလီနီကလည်း လာမယ့် ယူအက်စ်အိုးပင်းမှာ ရလဒ်ကောင်းရယူနိုင်ဖို့အတွက် ကြိုးစားလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
အသက် ၂၈ နှစ် အရွယ် ပါအိုလီနီဟာ အခုနှစ် ပြင်သစ်အိုးပင်းနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ သလို အိုလံပစ်တင်းနစ် အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်မှာလည်း ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။