ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသဘောတူညီမှုရထားတဲ့ အချက်၄၃ကို လွှတ်တော်ကိုတင်ပြနိုင်ဖို့ ဆောင်ရွက် နေတယ်လို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ်။ဇွန်လ၉ရက်က နေပြည်တော်ရှိ M Gallery ဟိုတယ်မှာပြုလုပ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ NCAရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၇ဖွဲ့တို့ အလွတ်သ ဘောတွေ့ဆုံဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အခုလိုပြောကြားလိုက်တာပါ။

အခုလွှတ်တော်ကို တင်ပြမဲ့အချက်၄၃ချက်ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ နိုင်ငံရေးပါတီတွေနဲ့ NCA ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၇ဖွဲ့တို့ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေကနေ သဘောတူထားတဲ့အချက်တွေဖြစ်ပါတယ်။အခုအလွတ်သဘောတွေ့ဆုံဆွေးနွေးရာမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီက ဆက်လက်ဆောင်ရွက်သွားမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှင်းလင်းပြောကြားပြီး NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုဆိုင်ရာ သဘောထားတွေကို အဆိုပြုတင် ပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် တက်ရောက်လာသူတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာမှာ ဖြေလျှော့မှုတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဝါဒနဲ့ ယန္တရားတွေကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်ကန့်သတ်မှု တွေမပါတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ သက်ဆိုင်သူတွေအကြား အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရေး၊ နိုင်ငံရေး သဘောထားကွဲလွဲမှုကို နိုင်ငံရေးအရဆွေးနွေးအဖြေရှာဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းရေး၊ ယုံကြည်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ရေး၊ NCA အနှစ်သာရကို အခြေခံတဲ့ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ RCSS အတွင်းရေးမှူး၁ စဝ်စိုင်းငင်း၊ KNU/KNLA-PC အတွင်းရေးမှူး၁ စောကျော်ညွန့်၊ NMSP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ LDU အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ DKBA စစ်ရေးချုပ် စောစိန်ဝင်း၊ ALP အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOရဲ့ ညှိနှိုင်းရေးမှူးတွေဖြစ်ကြတဲ့ ဦးမျိုးဝင်း၊ နန်းယဥ်ယဥ်စိုးနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


