အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်တာကြောင့် ထွက်ပေါ်လာတဲ့ ဆူညံသံတွေဟာ နိုင်ငံသားတွေရဲ့ ကျန်းမာ ရေးကို ထိခိုက်အနှောင့်အယှက် ဖြစ်စေတဲ့အပေါ် ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်ရေးအဆိုကို ဇွန်လ (၉) ရက်က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ဘီးလင်း မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အဆိုကို လက်ခံဆွေးနွေးဖို့ သင့်၊ မသင့် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်တာနဲ့ အဲဒီအဆိုနဲ့ ပတ်သက် လို့ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံမှာ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာတာကို ဆောင်ရွက်ခဲ့ပါတယ်။တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဇွန်လ(၉)ရက် မနက်(၁၀) နာရီအချိန်က မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမမှာ အစီအစဉ်(၁၀)ရပ်နဲ့ကျင်းပခဲ့တာပါ။

အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ယောက်ရှိတဲ့အနက် (၂၉)ယောက် တက်ရောက်ခဲ့ကြပြီး အစည်းအဝေး ဒုတိယနေ့ကိုတော့ ဇွန်လ ၁၂ ရက် မနက် ၁၀ နာရီအချိန်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




