ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာနမှာ ပြင်ပလူနာနဲ့အတွင်းလူနာတွေကို ကြည့်ရှု ကုသပေးတဲ့အချိန် တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။

တနင်္လာနေ့ကနေ သောကြာနေ့အထိ ပြင်ပလူနာဌာနမှာ ကဏ္ဍတွေခွဲကာ ကြည့်ရှုပေးနေတာဖြစ်ပြီး နေ့စဉ် လူနာ (၁၀၀)ဝန်းကျင်ကို ကုသပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ရောဂါရှာဖွေတဲ့နေရာမှာ အရေးပါတဲ့ ဦးနှောက်ရဲ့လှိုင်း မှန်မမှန်စစ်ဆေးတာ၊ အာရုံကြောထိခိုက်ပြီး ခြေလက် မလှုပ်ရှားနိုင်တဲ့ လူနာတွေကို စက်တွေနဲ့ စမ်းသပ်စစ်ဆေးပေးတာတွေကို တိုးမြှင့်လုပ်ဆောင်ပေးနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန၊ ဌာနမှူး ပါမောက္ခဒေါက်တာမိုးမိုးဇော်က ပြောပါတယ်။

ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာနမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက လေဖြတ်လူနာတွေကို သွေးခဲပျော် ဆေးပေးပြီး ကုသပေးတဲ့လုပ်ငန်းကို လုပ်ဆောင်ပေးနေတာပါ။ လေဖြတ်လူနာက သုံးနာရီအတွင်း ရောက်ရှိခဲ့ရင် အရေးပေါ်ဌာနနဲ့ဓာတ်မှန်ဌာနက ဆရာဝန်တွေပူးပေါင်းပြီး ရောဂါရှာဖွေတာတွေ လုပ်ဆောင်ပေးတယ်လို့ ဆိုပါ တယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာနမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က အတွင်း လူနာ (၁၈၀၀)ခန့်နဲ့ ပြင်ပလူနာ(၂၀၀၀)ခန့်ကို ကုသပေးခဲ့တယ်လို့ သိရပါတယ်။


