ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အမှတ်(၁၀) လေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်ကို ခဲနဲ့ပေါက်တဲ့ တရားခံ ၄ ယောက်ကို အရေးယူထားတယ်လို့ သိရပါတယ်။ဇွန်လ ၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က DEMU လူစီးအမြန်ရထားဟာ ကဒုတ်နဲ့ ပျဉ်ပုံကြီးဘူတာအကြား မိုင်တိုင်အမှတ်(၆၈)မိုင် (၈)ဖာလုံကို ရောက်ရှိဖြတ်သန်းချိန်မှာ တွဲဆိုင်းရဲ့နောက်ဆုံးတွဲ DEMU F -4016 အနောက် ဘက်ခြမ်း ခရီးသည် အတက်အဆင်း တံခါးမှန်ကို ခဲနဲ့ ပစ်ပေါက်တာ ခံခဲ့ရတာလို့ ဆိုပါတယ်။

တံခါးမှန်ကို ခဲနဲ့ပစ်ပေါက်တာကြောင့် တံခါးရွက်ကြေမွပျက်စီးခဲ့ပြီး ခရီးသည်နဲ့ဝန်ထမ်းတွေကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို ဒိုက်ဦးမြို့နယ်ရဲစခန်းနဲ့ ရထားရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးခဲ့ရာ တရားခံတွေဖြစ်တဲ့ ဟိန်းမင်းရှိန် အသက် ၁၅ နှစ်၊ အောင်မြင့်မြတ် အသက် ၁၆ နှစ်၊ ဟိန်းမင်းထွဋ် အသက် ၁၅ နှစ်၊ လရောင်ဟန် အသက် ၁၆ နှစ်တို့ကို ဖမ်းဆီရမိခဲ့တယ်လို့ ဆိုပါတယ်။အဲဒီတရားခံ ၄ ယောက်ကို ဒိုက်ဦးမြို့နယ် အေးသုခရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ အမှုဖွင့်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာနဲ့ပစ်ပေါက်တာ ဒါမှမဟုတ် တစ်စုံတစ်ရာပြုလုပ်တာအတွက် ပြစ်ဒဏ်အနေနဲ့ ပုဒ်မ (၈၄) အရ အဲဒီသူကို အနည်းဆုံး ၅ နှစ်ကနေ အများဆုံး နှစ် ၂၀ ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၅ ရက်က ထုတ်ပြန်ထားတဲ့ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေမှာ ဖော်ပြထားပါတယ်။

ရန်ကုန်-မန္တလေး အစုန်အဆန်ခရီးစဉ်ကို ရထား ၆ စင်း၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို ရထား ၄ စင်း စုစုပေါင်း ရထား ၁၀ စင်းနဲ့ နေ့စဉ်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။လက်ရှိမှာမြန်မာ့မီးရထားအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့အတွက် ရထားကိုခဲနဲ့ ပေါက် တာ၊ အနှောင့်အယှက်ပေးတာတွေ ထပ်မံ မဖြစ်ပေါ်စေဖို့အတွက် ပဲခူးတိုင်းဒေသကြီး ရထားလမ်းအနီးအနားတစ် ဝိုက်ရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတို့က တာဝန်ရှိသူတွေနဲ့အတူ ပြည်သူတွေ၊ စာသင်ကျောင်းတွေရှိ ကျောင်းသားကျောင်းသူတွေကို အသိပညာပေး ဟောပြောဆွေးနွေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်ကလည်း အမှတ်(၇)အဆန် DEMU ရထားကို ဖြူးနဲ့ ဇေယျဝတီဘူတာအ ကြား ခဲနဲ့ပေါက်တဲ့ တရားခံကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ(၈၄)အရ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ် ချမှတ် အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။




