မြန်မာနိုင်ငံအစိုးရအနေနဲ့ မြန်မာ – တရုတ် ဆက်ဆံရေးမှာ အေးအတူပူအမျှရှိတဲ့အခြေအနေကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။ဇွန်လ ၈ ရက် ညနေပိုင်းက နေပြည်တော်၊ ဥတ္တရသီရိကုန်တိုက်ရှိ J Cineplex ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ် ဖွင့်ပွဲအခမ်းအနားမှာ China Media Group က သတင်း ထောက်ရဲ့ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက အခုလို ထည့်သွင်းဖြေကြားခဲ့တာပါ။

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးဟာ ၇၆ နှစ်ပြည့်ခဲ့ပြီဆိုပေမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်း ရာထောင်ချီရှိခဲ့ပြီ ဖြစ်တာကြောင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိတယ်လို့ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောပါတယ်။၂၀၁၁ ခုနှစ်မှာ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးနိုင်ငံအဖြစ် ပြောင်းလဲခဲ့ပြီးနောက် သမ္မတရှီရဲ့ ၂၀၂၀ ခရီးစဉ်ကစ လို့ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ဖို့ သဘောတူညီထားခဲ့တာရှိတယ်လို့လည်း ဆိုပါတယ်။မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု ဒါမှမဟုတ် တည်ငြိမ်အေးချမ်းမှု ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ အသီးအပွင့်တွေရှိလာ ချိန်မှာ တရုတ်နိုင်ငံကလည်း ခံစားရတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်မှုတွေရှိလာရင်လည်း မြန်မာနိုင်ငံကလည်း ဒီအကျိုးကို ခံစားရတာပါပဲလို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။

၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်နဲ့ ဇနီး၊ ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဇနီးတွေ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့ ဇနီး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဇနီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ ဇနီး၊ တပ်မ တော်အဆင့်မြင့်အရာရှိကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာ ကျားနဲ့ ဧည့်သည်တော်တွေအပါအဝင် ဖိတ်ကြားထားသူတွေ တက်ရောက်ကြပါတယ်။အဲဒီနောက် နိုင်ငံတော်သမ္မတနဲ့ တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေက “မေတ္တာစမ်းရေ” အမည် ရှိ တရုတ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးခဲ့ကြတယ်လို့ သိရပါတယ်။




