အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ဖို့ ဆောင်ရွက်နေပြီး PPP လုပ်ငန်းတွေကို အဲဒီညွှန်ကြားချက်နဲ့ အညီ စိစစ်ဆောင်ရွက်နိုင်တယ်လို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောပါတယ်။

ဇွန်လ ၈ ရက်က ကျင်းပတဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ပုဗ္ဗသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းတဲ့ PUBLIC PRIVATE PARTNERSHIP (PPP) ဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အစီအစဉ် ရှိ၊ မရှိနဲ့ စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဦးကျော်ထင်က အခုလို ပြန်လည် ဖြေကြားခဲ့တာပါ။PPP နဲ့ ပတ်သက်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားချက်ကို ရေးဆွဲပြီး ဥပဒေရေးရာ ဝန်ကြီးဌာနကို သဘောထားတင်ပြ တောင်းခံထားတယ်လို့ ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောပါတယ်။လက်ရှိအချိန်မှာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ အစိုးရ-ပုဂ္ဂလိက အနေနဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃၆)ခုနဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း (၇၃၀၀) ကျော်ရှိပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၇၅)ခုနဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၈ ဒသမ ၆၂၇ ထရီလီယံကျော် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ အညီ ဆောင်ရွက်နေတယ်လို့ ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောပါတယ်။PPP ဥပဒေ မရှိပေမဲ့ အမိန့်နဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေတာ သင့်လျော်ပေမဲ့ ဥပဒေ ပြဋ္ဌာန်းထားမယ်ဆိုရင် ပိုမိုကောင်းမွန်တယ်လို့ ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာတော့ ကြယ်ပွင့်ပြ မေးခွန်း ၅ ခု မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေရဲ့ တာဝန်ရှိသူတွေက လာရောက် ရှင်းလင်းဖြေကြားခဲ့ ပါတယ်။ဒါ့အပြင် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာ ပြည်သူ့လွှတ်တော်ရဲ့ ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းဖို့ကိုလည်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။




