ထိုင်းနိုင်ငံမှာ အမ်ပေါက်စ်ရောဂါကူးစက်ခံ လူနာတစ်ယောက်ကို စစ်ဆေးတွေ့ရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီရောဂါကူးစက်ခံရသူဟာ အာဖရိကတိုက်ကနေ ထိုင်းကို ပြီးခဲ့တဲ့ အပတ်က ရောက်လာတဲ့ ဥရောပ အမျိုးသားတစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ သူ့ရဲ့ ဆေးစစ်မှု ရလဒ်တွေကို စောင့်ဆိုင်းနေပြီး အဖြေထွက်မှသာ ကူးစက်တဲ့ ဗိုင်းရပ်စ်မျိုးကွဲကို သိရမှာဖြစ်တယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ ကူးစက်ခံရသူ အမျိုးသားဟာ ရောဂါပျံ့ပွားနေတဲ့ အာဖရိကနိုင်ငံ တစ်နိုင်ငံကနေ ဩဂုတ်လ(၁၄) ရက်က ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်လို့ ထိုင်းအာဏာပိုင်တွေကတော့ အဲဒီရောဂါကူးစက်မှုဖြစ်စဉ်ကို (clade 1) အမျိုးအစားအဖြစ်နဲ့ပဲ ကိုင်တွယ်နေတယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ထုန်ချိုင် ကီရာသာသယာကွန်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ အာဖရိကနိုင်ငံရဲ့အမည်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။