ကမ္ဘာ့အဆင့်-၁ တင်းနစ်သမား ဆင်နာဟာ ပြီးခဲ့တဲ့ မတ်လအတွင်း တားမြစ်ဆေးစစ်မှုမှာ ကျခဲ့ပေမယ့် အယူခံ လျှောက်ထားမှု အောင်မြင်ခဲ့တာကြောင့် ပွဲပယ်ခံရမှာ မဟုတ်ဘူးလို့ ဩဂုတ်လ ၂၀ ရက်နေ့က နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
မတ်လအတွင်းက ဆေးစစ်မှုတွေမှာ တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဆင်နာရဲ့ဆေးအဖွဲ့က မတ်လအတွင်း အသုံးပြုခဲ့တဲ့ ဒဏ်ရာသက်သာဆေးတွေမှာ တားမြစ်ဆေးပါဝင်တာကို မသိဘဲ သုံးစွဲစေခဲ့မိတယ်လို့ လွတ်လပ်တဲ့ခုံရုံးကို အယူခံဝင်ခဲ့ပါတယ်။
ခုံရုံးက စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ ဆင်နာဆေးအဖွဲ့ရဲ့ အယူခံကို လက်ခံခဲ့တာဖြစ်ပြီး ဆင်နာအနေနဲ့ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
ဆင်နာဟာ အခုနှစ်အစောပိုင်းက ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ကစားသမားဘဝ ပထမဆုံး ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်ရဲ့ ကမ္ဘာ့အဆင့်-၁ နေရာကို လွှဲပြောင်းရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆင်နာဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး သူ့အနေနဲ့ တားမြစ် ဆေးပြဿနာမှာ အပြစ်ကင်းတယ်လို့ အစောပိုင်းက ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။