လာမဲ့ ဇွန် ၂ ရက်မှာ ကျင်းပမဲ့ ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက် ရေးဥပဒေမူကြမ်းကို အတည်ပြုနိုင်အောင် လုပ်ဆောင်နိုင်မယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် တားဆီးနှိမ်းနင်းဖို့အတွက် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်း ရေးဆွဲတာကို ဆောင်ရွက်နေကြတာပါ။ ဒီဥပဒေက နိုင်ငံတော်အတွက် အွန်လိုင်း လိမ်လည်မှုကို ထိရောက်စွာ နှိမ်းနင်းနိုင်မဲ့ ဥပဒေတစ်ရပ် ဖြစ်လာမှာ ဖြစ်ပြီး လာမဲ့လွှတ်တော်မှာ မေးခွန်းတွေနဲ့ အဆိုတွေလည်း ပါလာမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။

ပြည်သူ့တွေဆီကလည်း အွန်လိုင်းလိမ်လည်မှုဥပဒေကြမ်းနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို တောင်းခံထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနဲ့ အမျိုးသားလွှတ်တော်ရုံးတို့ရဲ့ ညွှန်ကြားရေးမှူးချုပ်တွေဆီကို လိပ်မှုကာ ဇွန် ၂ ရက် နောက်ဆုံးထား ပေးပို့နိုင်တယ်လို့လည်း တရာဝင် အသိပေးထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေရဲ့ ဒုတိယပုံမှန်အစည်းအဝေး ကျင်းပ နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အစည်းအဝေးဖိတ်စာတွေ ပေးပို့ထားပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မေ(၃၀)ရက်ထက်မစော မေ(၃၁)ရက်ထက် နောက်မကျစေဘဲ နေပြည်တော်ကို လာရောက်ဖို့ ခေါ်ယူ ထားတယ်လို့ သိရပါတယ်။



