မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထောက်ပံ့ပေးထားတဲ့ မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာကို ဧပြီ၂၉ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဒီအဆောက်အအုံကို မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း အပြည့်အဝပြန်လည်ပြုပြင်မွမ်းမံပြီးနောက် အခုလိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျက်ဖာဆင်စင်တာ ပြန်လည်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အခမ်းအနားကို သံရုံးအကြီးအကဲ မစ္စတာဒေါက်ဂ်ဆောန်နစ်ခ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ဂျက်ဖာဆင်စင်တာဟာ အမေရိကန်ပြည်ထောင်စုနဲ့ အထက်မြန်မာပြည်ကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ အရေးပါတဲ့ ပေါင်းကူးတံတားတစ်ခုအဖြစ် တည်ရှိခဲ့တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျက်ဖာဆင်စင်တာဟာ အမေရိကန်သံရုံးက ထောက်ပံ့ထားတဲ့ အမေရိကန်အချက်အလက်စင်တာ တစ်ခုဖြစ်ပြီး အများပြည်သူအတွက် ဖွင့်လှစ်ထားတဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနတစ်ခု ဖြစ်ပါတယ်။အဲဒီစင်တာမှာ စာကြည့်တိုက်ပါဝင်သလို ပညာရေးနဲ့ အင်္ဂလိပ်စာစွမ်းရည်မြင့်သင်တန်းတွေ၊ ပညာသင်ဆုနဲ့ အတိုင်ပင်ခံဝန်ဆောင်မှုတွေ၊ ယဉ်ကျေးမှုဖလှယ်တဲ့ပွဲတွေ၊ ပညာရေးဆွေးနွေးပွဲတွေကို ပြုလုပ်လေ့ရှိပါတယ်။




