ဂျာမနီအရှေ့ပိုင်း လိုက်ပဇစ်မြို့အနီးက ဟိုက်ဖီးလ် ဂီတပွဲတော်မှာ သြဂုတ် ၁၇ ရက်က ဧရာမချားရဟတ်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
စုစုပေါင်း လူ ၆၅ ယောက်ကို ပြုစုပေးခဲ့ရပြီး ၁၆ ယောက် ဆေးရုံတင်ခဲ့ရတယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောပါတယ်။
ကုသပေးခံရသူတွေထဲမှာ မီးလောင်ဒဏ်ရာရသူ လေးယောက်ပါဝင်ပြီး ချားပေါ်က ပြုတ်ကျသူတစ်ယောက်ကိုလည်း ကုသပေးခဲ့ရတယ် ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ မပါဘူးလို့ သိရပါတယ်။

အဲဒီဖြစ်ရပ်ကို မြေပြင်က လုံခြုံရေးတွေက ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ပွဲတော်ကို ဆက်လက်ကျင်းပတာကတော့ မှန်ကန်မှု ရှိမရှိ မသေချာဘူးလို့ မျက်မြင် သက်သေတစ်ယောက်က ပြောပါတယ်။
ကနဦး အကဲဖြတ်ချက်တွေအရ မီးလောင်ရတဲ့ အကြောင်းရင်းကို တိတိ ကျကျ မဆုံးဖြတ်နိုင်သေးပါဘူး။
ဒါပေမဲ့ အပေါ်က ဖြတ်သွားတဲ့ ကေဘယ်ကားပေါ်က ပစ်ချလိုက်တဲ့ အရာတစ်ခု ကြောင့် ချားရဟတ်အောက်က မီးထလောင်တယ်လို့ ယူဆကြပါတယ်။
ဧရိယာကို ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးမှု တွေ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဟိုက်ဖီးလ်ဂီတပွဲတော်ဟာ လာရောက်သူ ၂၅၀၀၀ အထိ ရှိတဲ့ ဂရော့စ်ပိုဆနာဒေသတွင်း အကြီးဆုံး ရော့ခ်ဂီတ ပွဲတော်တစ်ခုဖြစ်ပါတယ်။