ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ်(၅၄)ကို ကျပ်ဘီလီယံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့ရာဝယ်ယူမယ့်သူမရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီလေလံတင်ရောင်းချမှုကို ဩဂုတ် ၁၅ ရက်၊ မနက်ပိုင်းက ခြံအမှတ် ၅၄ ရှေ့မှာတရားရုံးဘီလစ်အရာရှိက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
လေလံတင်ရောင်းချပွဲမှာတော့ လေလံဝယ်ယူမယ့်သူရှိပါသလားလို့ တရားရုံးဘီလစ်အရာရှိက သုံးကြိမ် သုံးခါမေးမြန်းခဲ့ပေမယ့် ဝယ်ယူမယ့်သူမရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ခြံအမှတ်(၅၄)ကို ဒုတိယအကြိမ်လေလံတင်ရောင်းချဖို့ ကမာရွတ် ခရိုင်တရားရုံးက ဇွန်လ ၂၇ ရက် ရုံးချိန်းမှာအမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။ တရားနိုင်ဘက်က လေလံကြမ်းခင်းဈေးကို ကျပ် ၂၈၅ ဘီလီယံ ပြင်ဆင်သတ်မှတ်ပေးဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး တရားရုံးက တရားနိုင်နဲ့တရားရှုံးတို့ အကျိုးကို ထောက်ရှုပြီးတော့ လေလံကြမ်းခင်းဈေးကို ကျပ် ဘီလီယံ ၃၀၀ သတ်မှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ခြံအမှတ်(၅၄)ကို ကျပ် ၃၁၅ ဘီလီယံနဲ့ ပြီးခဲ့တဲ့မတ်လ ၂၀ ရက်က ပထမအကြိမ် လေလံတင်ရောင်းချခဲ့ရာမှာ ဝယ်တဲ့သူတစ်ယောက်မှမရှိခဲ့ပါဘူး။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ပေါက်နဲ့ ခြံအမှတ်(၅၄)ဟာ ဧရိယာအားဖြင့် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတယ်လို့သိရပါတယ်။