အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာပြန်ရလာမှု သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ရာနဲ့ချီတဲ့ အာဖဂန်ပြည်သူတွေနဲ့ တာလီဘန် တိုက်ခိုက်ရေးသမားတွေဟာ ကဘူးလ်မြို့ရဲ့ လမ်းတွေပေါ်မှာ သြဂုတ် ၁၄ ရက်က ချီတက်ခဲ့ကြပါတယ်။
တိုက်ခိုက်ရေးသမားတွေက တာလီဘန်အလံတွေ လွှင့်ထူထားတဲ့ အမေရိကန်စစ်ယာဉ်ဟောင်းတွေပေါ် လိုက်ပါပြီး မြို့တွင်းမှာ ချီတက်ခဲ့ကြတာပါ။
ဘာသာရေးအရ ကြွေးကြော်သံ နဲ့အတူ အမေရိကန်ဆန့်ကျင်ရေး တိုင်တည်မှုတွေပါ ပြုလုပ်ခဲ့တာကို ကြားနေရတယ်လို့ သိရပါတယ်။

တာလီဘန် အစိုးရက ပျော်ရွှင်မှုကို ဖော်ပြနေချိန်မှာ အာဖဂန်ပြည်သူအချို့ကတော့ နိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို လိုချင်ကြတယ်လို့ ပြောပါတယ်။
လူတော်တော်များများ အလုပ်လက်မဲ့ဖြစ်နေကြပြီး အီရန်နဲ့ ပါကစ္စတန်ကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ အာဖဂန်နစ္စတန်ဒေသခံတစ်ယောက်က ပြောပါတယ်။
နှစ် ၂၀ ကြာ စစ်ပွဲအပြီး အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ ဆုတ်ခွာသွားပြီးနောက် တာလီဘန်တွေက လျှပ်တစ်ပြက် ထိုးစစ် ဆင်နွှဲခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ တည်ထောင်ထားတဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေ ပြိုကွဲပြီး အမေရိကန်နောက်ခံပြု သမ္မတ အာရှရက်ဂါနီ ထွက်ပြေးသွားပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်မှာ ကဘူးလ်မြို့တော်အတွင်းကို တာလီဘန်တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။