မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၄ ရက် ညနေပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က ပြောပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်မှ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ပြီး တရုတ်နိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံရာမှာ မြန်မာနိုင်ငံဘက်က ရွေးကောက်ပွဲ ဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီအားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင် နိုင်ရေး ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်နေမှု အခြေအနေတွေ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးပြောကြားပါတယ်။
တရုတ်နိုင်ငံဘက်က ဆွေးနွေးရာမှာတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမြဲထောက်ခံ အားပေးနေကြောင်း သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက် ပြီး လိုအပ်တဲ့ နည်းပညာကူညီမှုတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း နဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆွေးနွေးပြောကြားပါတယ်။
အဲဒီအပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်စေရေး တိုက်တွန်းလိုတယ်လို့လည်း ဆွေးနွေးပြောကြားပါတယ်။
အဲဒီနောက် မြန်မာဘက်မှ ဆွေးနွေးရာမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေ မယ့် ဘယ်ကိစ္စရပ်တွေကို မဆို မြန်မာနိုင်ငံကတစ်ဆင့် လုပ်ဆောင်နေမှုတွေကို လုံးဝလက်ခံမှာ မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုး တက်ရေး လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက်နေတယ်လို့လည်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါတယ်။