မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ ဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား)ဦးသန်းရွှေနဲ့ ဩဂုတ်၁၄ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Xinhuaသတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား)ဦးသန်းရွှေက မစ္စတာဝမ်ယိမှတစ်ဆင့် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ နှုတ်ခွန်းဆက်ကြောင်း ပြောကြားခဲ့သလို တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်မှုကနေ ကာကွယ်ဖို့နဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ဖို့အတွက် တန်ဖိုးရှိတဲ့ အထောက်အပံ့တွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာဝမ်ယိက သမ္မတရှီကျင့်ဖျင်ရဲ့ နှုတ်ခွန်းဆက်စကားကို ဦးသန်းရွှေအား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ တစ်သားတည်းဖြစ်တည်မှုနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်မှာ ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်စတင်ဖို့ ထောက်ခံကြောင်းလည်း မစ္စတာဝမ်ယိက ပြောကြားခဲ့တယ်လို့ ဆိုပါတယ် ။
မြန်မာနိုင်ငံမှာ ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးတဲ့ ပြောဆိုပြုမူမှုတွေ အခိုင်အမာဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနဲ့အတူ အေးအတူ ပူအမျှ အပြန်အလှန်ဖေးမကူညီတဲ့ စိတ်ဓာတ်ကို လက်ကိုင်ထားမှာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေ ယုံကြည်အားထားရတဲ့ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မစ္စတာဝမ်ယိက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မစ္စတာဝမ်ယိဟာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း ဩဂုတ်၁၄ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။