၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင် တစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုကတော့ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ရှုပ်ထွေးမှုတွေကြောင့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုံခြုံရေးအင်အား ၁ သိန်းအသုံးပြုဖိုအတွက် စီစဉ်ထားတယ်လို သိရပါတယ်။ မက္ကဆီကိုဟာ ကနေဒါ၊ အမေရိကန်တိုနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ပွဲစဉ်တွေကို ဂွါဒါလာဂျာရာ၊ မက္ကဆိကိုစီးတီးနဲ့ မွန်တာရေးမြိုတွေမှာ ကျင်းပဖို ရေးဆွဲထားတာဖြစ်ပါတယ်။

မက္ကဆီကို ကမ္ဘာ့ဖလားပူးပေါင်း ညှိနှိင်းရေး ဗဟိုဌာန အကြီးအကဲ ဘာရီယိုစ်ရဲ့ ပြောကြားချက်အရ ကမ္ဘာ့ဖလားပွဲစဉ်တွေ ကျင်းပမယ့် မြိုတွေနဲ့ အနီးအနားမှာရှိတဲ့ ခရီသွားတွေ လှည့်လည်သွားနိုင်တဲ့နေရာတွေမှာ လုံခြုံရေးအင်အားကို အပြည့်အဝ အသုံးပြုဖို စီစဉ်ထားတယ်လို သိရပါတယ်။ လုံခြုံရေးအင်အားအတွက် စစ်ဘက်ဆိုင်ရာဝန်ထမ်း ၂၀၀၀၀ ၊ ရဲအရာရှိ ၅၅၀၀၀ နဲ့ ပုဂ္ဂလိက လုံခြံရေး ကုမ္ပဏီက ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း အင်အား ၁ သိန်းလောက် အသုံးပြုမှာဖြစ်သလို စစ်ဘက်နဲ့ အရပ်ဘက်ယာဉ် ၂၅၀၀ ခန့်၊ လေယာဉ် ၂၄ စင်း၊ anti-drone စနစ်၊ ဖောက်ခွဲရေးပစ္စည်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ရှာဖွေ ဖိုအတွက် လေ့ကျင့်ထားတဲ့ ခွေးတွေကိုပါ အသုံးပြုမှာဖြစ်တယ်လို သိရပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ မက္ကဆီကို သမ္မတတိုကတော့ မက္ကဆီကိုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေက လုံခြုံစိတ်ချရမှု အပြည့် ရှိလိမ့်မယ်လို အာမခံထားပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေရဲ့ အဖွင့်ပွဲအဖြစ် အိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိကအသင်းတို စတင်ကစားကြမှာဖြစ်ပါတယ်။




