ဆော်ဒီကလပ် အယ်နာဆာအသင်းတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ တံကောက်ကြောဒဏ်ရာက မူလထင်ထားတာထက် ပိုမိုပြင်းထန်တဲ့အတွက် စပိန်နိုင်ငံကို သွားရောက်ပြီး ကုသမှုခံယူရမှာဖြစ်တယ်လို အယ်နာဆာအသင်းနည်းပြ ဂျီးဆပ်က အတည်ပြုလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ အခုရာသီ ဆော်ဒီပရိုလိဂ် ၂၂ ပွဲမှာ ၂၁ ဂိုးသွင်းယူပေးထားသူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က အယ်လ်ဖေဟာအသင်းကို အနိုင်ရတဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အယ်နာဆာအသင်းဟာ စနေညမှာ နီယွန်အသင်းနဲ့ ဆော်ဒီပရိုလိဂ် ပွဲကစားရမှာဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဂျီးဆပ်က ရော်နယ်ဒိုရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို အခုလို ပြောသွားတာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့တစ်ပတ်ပွဲမှာ ရော်နယ်ဒိုရခဲ့တဲ့ဒဏ်ရာက ထင်ထားတာထက် ပိုပြီးတော့ ပြင်း ထန်ပါတယ်။ ဒါ့ကြောင့် စပိန်ကိုသွားပြီး ကုသမှုခံယူဖိုလိုအပ်ပါတယ်။ ဒဏ်ရာကနေ အမြန်ဆုံးသက်သာပြီး အသင်းကို ကူညီပေးနိုင်ဖို မျှော်လင့်ထားပါတယ်”လို နည်းပြ ဂျီးဆပ်က ပြောသွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွား နေတဲ့ ပြဿနာတွေကြောင့် ရော်နယ်ဒိုဟာ မိသားစုဝင်တွေနဲ့အတူ ဆော်ဒီကနေ ထွက်ခွာဖို စဉ်းစားနေတယ် ဆိုတဲ့ ပြောကြားမှုတွေကိုတော့ နည်းပြ ဂျီးဆပ်က ငြင်းဆိုထားပါတယ်။

အခုလို ဒဏ်ရာ ရရှိမှုကြောင့် ရွှေဘောလုံးဆု ၅ ဆုရှင် ရော်နယ်ဒိုအနေနဲ့ မတ်လ ၂၉ ရက်နေ့မှာ မက္ကဆီကို၊ ဧပြီလ ၁ ရက် နေ့မှာ အမေရိကန်အသင်းတွေနဲ့ ကစားမယ့် ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစားပေးနိုင်ဖိုကလည်း မသေမချာဖြစ်လာပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၉၆၅ ဂိုးသွင်းယူထားပြီး သွင်းဂိုး ၁၀၀၀ ပြည့်မှ ကစားသမားဘဝက နားဖို စဉ်းစားမှာဖြစ်တယ်လို ပြောထားခဲ့ဖူးပါတယ်။




