မှတ်ပုံတင်ထားတဲ့ ဆန်စပါးသိုလှောင်ရုံ ၃၀၀၀ ကျော်ရှိပြီဖြစ်ကာ ထပ်မံပါဝင်နိုင်ရေး နှိုးဆော်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောပါတယ်။ ဆန်တန်ချိန် ၅၀ ဒါမှမဟုတ် စပါးတင်း ၅၀၀၀ နဲ့အထက် သိုလှောင်ထားရှိတဲ့ ဆန်စပါးသိုလှောင်ရုံတွေအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online –MyRO)စနစ်မှာ မှတ်ပုံတင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်ကစပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဩဂုတ် ၁၂ ရက်အထိ ဆန်စပါးသိုလှောင်ရုံပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်ကာထပ်မံပြီးတော့ သိုလှောင်ရုံတွေအားလုံးပါဝင်နိုင်ဖို့ တိုက်တွန်းနှိုးဆော်သွားမှာဖြစ်တယ်လို့ ဦးရဲမင်းအောင်ကပြောပါတယ်။

အဲဒီအပြင် ဆန်ဆိုင်တွေနဲ့ ဆန်ရောင်းချသူတွေကိုလည်း သိုလှောင်မှုမှတ်ပုံတင်စနစ်မှာ ပါဝင်နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အခုလို ဆန်စပါးသိုလှောင်ရုံတွေအနေနဲ့ အွန်လိုင်းစနစ်နဲ့မှတ်ပုံတင်ဖို့ဆောင်ရွက်တာဟာ ဆန်စပါးကဏ္ဍကိုခေတ်မီ ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ပြောင်းလဲပြီး စီမံခန့်ခွဲဖို့ ပိုမိုလွယ်ကူသွားမှာဖြစ်တယ်လို့သိရပါတယ်။