ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးစာထုတ်ပြန်ထားပါတယ်။ လာမယ့် ဩဂုတ် ၁၉ ရက်ကနေ ၂၅ ရက်အထိ ကာလအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၄၄ ပေခန့်ကနေ ၂၁ ဒသမ ၆၅ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။
ထူးကဲဒီရေနဲ့ ပတ်သက်ပြီး အရင် ၂၀၁၄-၂၀၁၅ ခုနှစ်တွေမှာလည်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၂ ပေလောက်အထိ တက်ခဲ့ဖူးတာကြောင့် စိုးရိမ်ဖွယ်မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ရန်ကုန်မြစ်ရဲ့ ခန့်မှန်းဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ကျော်လွန်တဲ့အခါ မြစ်ကမ်းနားဒေသတွေအနီးနေထိုင်ကြတဲ့ လုပ်သားပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားနိုင်ဖို့အတွက် အခုလိုသတိပေးထုတ်ပြန်တာဖြစ်ပါတယ်။