ဆောက်လုပ်မှုကဏ္ဍမှာ လိုက်နာရမဲ့ တားမြစ်ချက်တွေကို ဖေဖော်ဝါရီ၄ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အခန်း(၁၆)မှာ ပြဋ္ဌာန်းထားပါတယ်။

အခန်း(၁၆)မှာ တားမြစ်ချက်အနေနဲ့ ပုဒ်မ၁၀ခု ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
တားမြစ်ချက်တွေအနေနဲ့ ပုဒ်မ၅၈မှာ တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တတိယအဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၅၉မှာ တည်ဆောက်ရေးလုပ်ငန်းအတွက် ခွင့်ပြုချက်ရရှိဖို့ တင်ပြရာမှာ မမှန်ကန်တဲ့ အထောက်အထားတွေ တင်ပြလျှောက်ထားခြင်းမပြုဖို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ၆၀မှာ အဆောက်အအုံတည်ဆောက်ရာမှာ မူလခွင့်ပြုသတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံပါ အထပ်အမြင့် သို့မဟုတ် အထပ်အရေအတွက်ထက်ကျော်လွန်ပြီး တည်ဆောက်ခြင်းမပြုဖို့နဲ့ ပုဒ်မ ၆၁မှာ အရည်အသွေးထောက်ခံချက်မရရှိတဲ့ တည်ဆောက်ရေးပစ္စည်းတွေကို ထုတ်လုပ်တာ၊ တင်သွင်းတာ၊ ဖြန့်ဖြူးရောင်းချတာတွေ မပြုလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ၆၂မှာ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်တွေနဲ့ သက်ဆိုင်ရာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ အကြံဉာဏ်ပေးတာတွေ၊ စီမံခန့်ခွဲတာတွေ မပြုလုပ်ဖို့နဲ့ ပုဒ်မ၆၃မှာ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ တတိယအဖွဲ့အစည်းတွေအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို စစ်ဆေးရာမှာ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်တွေနဲ့ သက်ဆိုင်ရာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဘဲ စစ်ဆေးအတည်ပြုတာ သို့မဟုတ် အရည်အသွေးပြည့်မီကြောင်း ထောက်ခံတာတွေ မပြုလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ၆၄မှာ တည်ဆောက်သူတွေအနေနဲ့ အရည်အသွေးပြည့်မီခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး အဆောက်အအုံတွေကို အရည်အသွေးပြည့်မီအောင် ပြင်ဆင်တည်ဆောက်ခြင်းမပြုဘဲ လုပ်ငန်းပိုင်ရှင်ထံကို လွှဲပြောင်းပေးအပ်ခြင်းမပြုဖို့ကိုလည်း ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ၆၅မှာ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်မရရှိဘဲ အမြင့်၆၈ပေအထက် ဘာသာရေးဆိုင်ရာအဆောက်အအုံ၊ ၁၂ထပ်အထက် သို့မဟုတ် အမြင့် ၁၄၀ပေအထက်မြင့်တဲ့ အဆောက်အအုံ၊ ၁၂ထပ်မှာ မြေအောက်ခန်း(Basement)ပါဝင်တဲ့ အဆောက်အအုံ၊ ၁၂ထပ်အောက်ဖြစ်ပေမဲ့လည်း လူ၅၀၀နဲ့အထက် အသုံးပြုမဲ့ စတုရန်းဧရိယာ ၁၂၀၀၀ စတုရန်းပေအထက် ကျယ်ဝန်းတဲ့ အများပြည်သူသုံးအဆောက်အအုံ၊ အများပြည်သူအန္တရာယ်ဖြစ်စေနိုင်တဲ့ အဆောက်အအုံ သို့မဟုတ် အဆိပ်အတောက်နဲ့ ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထုသိုလှောင်ရုံကို တည်ဆောက်ခြင်းမပြုဖို့ ပြဋ္ဌာန်းထားပြီး ပုဒ်မ၆၆မှာတော့ ဒေသဆိုင်ရာကော်မတီရဲ့ ခွင့်ပြုချက်မရရှိဘဲ ၉ထပ်မှ ၁၂ထပ်အထိ သို့မဟုတ် အမြင့် ပေ၁၀၀ကနေ ပေ၁၄၀အထိမြင့်တဲ့ အဆောက်အအုံ သို့မဟုတ် အမြင့် ပေ၄၀ကနေ ၆၈ပေ အထိ ဘာသာရေးအဆောက်အအုံတွေ၊ ဧရိယာ စတုရန်းပေ ၁၀၀၀၀ ကနေ စတုရန်းပေ ၁၂၀၀၀အထိ အများပြည်သူသုံးအဆောက်အအုံကို တည်ဆောက်ခြင်းမပြုဖို့ကိုလည်း ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ၆၇မှာလည်း ဗိသုကာနဲ့ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့၊ တည်ဆောက်သူ၊ လုပ်ငန်းခွင်ကြီးကြပ်သူတွေအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်တွေ၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စံချိန်စံညွှန်းတွေအောက် လျော့နည်းပြီး ဒီဇိုင်းပုံစံထုတ်တာ၊ တည်ဆောက်တာ၊ အရည်အသွေးထောက်ခံချက် လက်မှတ်မရရှိတဲ့ တည်ဆောက်ရေးပစ္စည်းကို အသုံးပြုတည်ဆောက်ခြင်းမပြုဖို့လည်း ပြဋ္ဌာန်းထားပါတယ်။
အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ပြစ်ဒဏ်တွေအနေနဲ့ အနည်းဆုံးထောင်ဒဏ်သုံးနှစ်ကနေ အများဆုံးထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၃၀ကနေ အများဆုံးကျပ်သိန်း၅၀၀ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့အပြင် နစ်နာသူကို အဆောက်အအုံပြန်လည်တည်ဆောက်ပေးတာတွေ၊ လျော်ကြေးငွေပေးတာတွေ ပြုလုပ်ရမှာဖြစ်တယ်လို့လည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။




