မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံမှာ ဇန်နဝါရီ၂၃ရက်၊ မနက်၆နာရီ၁၅မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။မန်းသံပုရာကန် ရေနံချက်စက်ရုံဝန်းအတွင်းမှာရှိတဲ့ ရေနံတွေသိုလှောင်တဲ့နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုကို မင်းလှမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်၂စီး၊ ထန်းကိုင်းနယ်မြေမီးသတ်စခန်း၊ ဒဟတ်ပင်နယ်မြေမီးသတ်စခန်း၊ ညောင်ဝိုင်းနယ်မြေမီးသတ်စခန်း၊ လင်းကယ်နယ်မြေမီးသတ်စခန်း၊ လက်ပံတံခါးနယ်မြေမီးသတ်စခန်း၊ ရှမ်းတပ်နယ်မြေမီးသတ်စခန်း၊ ရွာသာယာနယ်မြေမီးသတ်စခန်းတို့က ရေသယ်ယာဉ်တွေ၊ PICရေနံချက်စက်ရုံက မီးသတ်ယာဉ်၂စီး၊ ရေသယ်ယာဉ်၂စီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့က မီးသတ်ယာဉ်၁စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မနက်၇နာရီအချိန်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။မီးလောင်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။




