လူငယ်တိုင်းအတွက် ကောင်းမွန်တဲ့စီးပွားရေးအခွင့်အလမ်းတွေကို ဖန်တီးပေးတာဟာ ငြိမ်းချမ်းရေးကို အကောင်း ဆုံးတည်ဆောက်တာဖြစ်တယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။ဇန်နဝါရီလ(၁၃)ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)၊ ကျောက်စိမ်းခန်းမမှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆ မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နည်းပညာဟာ ငြိမ်းချမ်းရေးရဲ့အခြေခံအုတ်မြစ်ဖြစ်တာကြောင့် မြို့ပြလူငယ်၊ နည်း ပညာရှင်လူငယ်တွေအနေနဲ့ စွန့်ဦးတီထွင်မှုတွေ၊ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေ၊ AI အခြေပြုဝန်ဆောင်မှုလုပ် ငန်းတွေ စတဲ့ စီးပွားရေးနဲ့နည်းပညာပလက်ဖောင်းတွေကို ဘယ်လိုလုပ်ဆောင်ကြပြီး ဘယ်လိုဝိုင်းဝန်း အဖြေ ရှာမယ်ဆိုတာကို ဆွေးနွေးသွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် နိုင်ငံသားတိုင်း အခြေခံလိုအပ်နေတဲ့ စီးပွားရေးဆိုင်ရာဝန်းကျင်ကောင်းတွေ ဖန်တီး ပေးတာဟာ အရည်အသွေးမြင့်မားတဲ့ လူစွမ်းအားအရင်းအမြစ်တွေ ပေါ်ထွက်လာစေမှာ ဖြစ်ကြောင်း၊ ဆိုရှယ် မီဒီယာဟာ အမုန်းစကားဖြန့်ချီရာနေရာဖြစ်သလို စည်းလုံးညီညွတ်မှု၊ ပြန်လည်သင့်မြတ်မှုနဲ့ နားလည်မှုတည် ဆောက်နိုင်တဲ့နေရာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

အခုဖိုရမ်ကထွက်ပေါ်လာမဲ့ လူငယ်ငြိမ်းချမ်းရေးကြေညာစာတမ်းဟာ လူငယ်တွေအတွက် လက်တွေ့ကျတဲ့ လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ကတိကဝတ်တွေပါဝင်တဲ့ လမ်းညွှန်မှုတစ်ရပ်နဲ့ နားလည်မှုတည်ဆောက်ဖို့ ကွန်ရက်တစ်ခုသာမက တက်ကြွတဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ချိတ်ဆက်မှုတစ်ခုဖြစ်စေလိုတယ်လို့ လည်း ဆိုပါတယ်။ဒါ့အပြင် လူငယ်နဲ့ အစိုးရအကြား၊ အစိုးရနဲ့ ပြည်သူတွေအကြား ပျံ့နှံရောက်ရှိစေဖို့ ငြိမ်းချမ်းရေးဖိုရမ်က ရရှိလာတဲ့ ရလဒ်တွေကို မိမိတို့ဒေသတွေဆီ ပြန်လည်သယ်ဆောင်သွားကြဖို့ လိုအပ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။




