မကွေးတိုင်းဒေသကြီးအတွင်းမှာ လတ်တလော ကုန်းကြက်သွန်နီ ထွက်ရှိနေပြီး အထွက်နှုန်း ကောင်းသလို စျေး ကောင်းလည်း ရတယ်လို့ ကြက်သွန်စိုက် တောင်သူတွေဆီက သိရပါတယ်။

ကုန်းကြက်သွန်နီမှာ ရွှေဝါနဲ့ ရွှေနီ နှစ်မျိုးရှိပြီး အခုနှစ်မှာ ရွှေဝါမျိုးက အရောင်းအဝယ်သွက်တယ်လို့ ဆိုပါတယ်။အခုနှစ် ကြက်သွန်စိုက်ပျိုးချိန်မှာ ရာသီဥတု ကောင်းမွန်လို့ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်း ရတယ်လို့ ရေနံချောင်းမြို့နယ်၊ ဘူးကျွန်းကျေးရွာက ကြက်သွန်စိုက်တောင်သူ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ကုန်းကြက်သွန်နီကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်စိုက်ပျိုးကြပြီး ၃ လအကြာမှာ ကြက်သွန်တူးဖော်ကြ တာပါ။ ပြီးခဲ့တဲ့နှစ်ကလောက် ဈေးမရပေမဲ့ အခုရောင်းရတဲ့ စျေးကတော့ တောင်သူတွေအတွက် အဆင်ပြေ တယ်လို့ ဆိုပါတယ်။ရေနံချောင်းနယ်မှာ အရင်နှစ်ကထက် ကြက်သွန်စိုက်သူ ပိုများပြီး ကြက်သွန်စိုက်ခင်းတွေထဲထိ ကြိုက်စျေးပေးပြီး လာရောက်ဝယ်ယူတာရှိပေမဲ့ တချို့တောင်သူတွေကတော့ မြို့ပေါ်ပွဲရုံတွေကို သွားရောက်ရောင်းချကြတယ်လို့ သိရပါတယ်။




