(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ (၃၃)ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးမှာ ကျင်းပဖြေဆိုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

စာမေးပွဲဖြေဆိုရာမှာ စာပြန်၊ စာဖြေ သံဃာ ၅၂၆ ပါး ဝင်ရောက်ပြန်ဆို၊ ဖြေဆိုမှာဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်က အဘိဓမ္မာ(ဒုတိယပိုင်း) စာပြန်သံဃာတစ်ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာပြန်သံဃာလေးပါး၊ ဒီဃနိကာယ် စာပြန် သံဃာ တစ်ပါး၊ ဝိနည်း(ဒုတိယပိုင်း) စာပြန်သံဃာ အပါး ၄၀ ၊ ဝိနည်း(ပထမပိုင်း) စာပြန်သံဃာ ၃၅ ပါး စုစုပေါင်း ၈၁ ပါး အာဂုံပြန်ဆိုခဲ့ကြပါတယ်။အာဂုံပြန်ဆိုချိန် တစ်ရက်ကို မနက် ၈ နာရီကနေ ၁၀ နာရီအထိ လေးကြိမ်၊ မွန်းလွဲ ၁ နာရီကနေ ၄ နာရီအထိ ငါးကြိမ် စုစုပေါင်း ကိုးကြိမ်နဲ့ ၁၈ ရက် အာဂုံပြန်ဆိုရပြီး သဘောရေးဖြေ စာမေးပွဲကို မွန်းလွဲ ၁၂ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ငါးရက် ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

အာဂုံ ပြန်ဆိုတော်မူကြတဲ့ စာပြန်သံဃာတော်တွေကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနဲ့ တာဝန်ရှိသူတွေက ဒီဇင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဖူးမြော်ကြည်ညိုပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါ စရိယဆရာတော်ကြီးတွေ၊ ပုစ္ဆကဆရာတော်တွေ၊ ကြီးကြပ်ရေးဆရာတော်တွေ၊ စာထောက်စာမ ဆရာတော်တွေကို နဝကမ္မ အလှူငွေတွေ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။အာဂုံပြန်ဆိုရာမှာ အထစ်အငေါ့မရှိ ထူးကဲစွာ ပြန်ဆိုနိုင်ရင် ဝိသိဋ္ဌဝိနယဓရ၊ ဝိသိဋ္ဌဒီဃဘာဏကနဲ့ ဝိသိဋ္ဌ အာဘိ ဓမ္မိကဘွဲ့၊ သဘောရေးဖြေမှာ သတ်မှတ်အောင်မှတ်နဲ့အထက်ရရှိရင် မဟာဝိနယကောဝိဒ၊ မဟာဒီဃနိကာယ ကောဝိဒနဲ့ မဟာအဘိဓမ္မကောဝိဒဘွဲ့ကို အနည်းဆုံး ငါးနှစ်သက်တမ်း ခံယူရရှိတော်မူပြီး ပြည့်မြောက်ရင် “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်မှာဖြစ်တယ်လို့ သိပါတယ်။




