ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယာဉ်ထိန်းရဲတွေ မရှိတော့လို့ ကျောင်းသားတွေက ဒါကာမြို့တော်က လမ်းတွေပေါ်မှာ ယာဉ်ထိန်းရဲအလုပ်ကို အင်္ဂါနေ့က ဝင်ရောက် လုပ်ကိုင်ပေးနေကြပါတယ်။
ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒ ဖော်ထုတ်ပွဲတွေကို အကြမ်းပတမ်း နှိမ်နင်းခဲ့လို့ ရလဒ်အဖြစ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ တိုင်းပြည်ကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီးနောက် လွှတ်တော်ကိုပါ သမ္မတက ဖျက်သိမ်းထားရပါတယ်။
ဒီလို အခြေအနေ ရှုပ်ထွေးချိန်မှာ ယာဉ်ထိန်းရဲတွေ မရှိလို့ မြို့တော်လမ်းတွေမှာ ကျောင်းသားတွေက အခုလို ယာဉ်ထိန်းရဲ အလုပ်ကို ဝင်ရောက် လုပ်ကိုင်နေကြတာပါ။
ဒီလို မွန်မြတ်တဲ့ လူမှုရေးအကျိုးဆောင်အလုပ်မျိုးကို လူတိုင်း လုပ်ချင်ကြတယ်၊ ဒါကြောင့် မိမိတို့ ဒီနေရာကို ရောက်နေရတာဖြစ်ကြောင်း ဒါကာမြို့တော် လမ်းမကြီးတစ်ခုပေါ်မှာ ယာဉ်ကြောထိန်းကျောင်း ပေးနေတဲ့ အသက် (၂၀)အရွယ် ကျောင်းသား တစ်ယောက်ဖြစ်တဲ့ မိုဟာမက် နူးရ်က ပြောပါတယ်။
ပါလီမန်ကို မဖျက်သိမ်းရင် ဆန္ဒဖော်ထုတ်မှုတွေ ထပ်လုပ်သွားမယ်လို့ ကျောင်းသားထုဘက်က ရာဇသံပေးပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။
ဇူလိုင်လထဲ ကစပြီး သီတင်းပတ်များစွာ ဖြစ်ပွားခဲ့တဲ့ အစိုးရရဲ့ အလုပ်ရာထူးနေရာ ခွဲတမ်းချ ခန့်ထားမှုစနစ် ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်မှုတွေအတွင်း လူ (၃၀၀)နီးပါး အသက်သေဆုံးခဲ့ရပါတယ်။
အဲဒီဆန္ဒထုတ်ဖော်မှုတွေကြောင့် ရွေးကောက်ပွဲကို အငြင်းပွားဖွယ်ရာ လေးကြိမ်ဆက်တိုက်နိုင်ပြီး ရာထူးအာဏာကို ဆုပ်ကိုင်ထားခဲ့တဲ့ ရှိတ်ခ် ဟာစီနာဟာ ရာထူးကနေ ပြုတ်ကျပြီး နိုင်ငံကနေပါ ထွက်ပြေးခဲ့ရပါတယ်။