တရုတ်နိုင်ငံရဲ့ နည်းပညာမြင့် ဒရုန်းအမျိုးအစားသစ် CH-7ကို ပထမဆုံးအကြိမ်အနေနဲ့ အောင်အောင်မြင်မြင် စမ်းသပ်ပျံသန်းနိုင်ခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

China Academy of Aerospace Aerodynamics ၂၀၁၈ ခုနှစ်၊ ၁၂ ကြိမ်မြောက် တရုတ်လေကြောင်းနည်းပညာ ပြပွဲမှာ နမူနာ မော်ဒယ်အဆင့် ပွဲထုတ် မိတ်ဆက်ခဲ့တဲ့ CH-7ကို နိုင်ငံအနောက်မြောက်ပိုင်းဒေသမှာ ပထမဆုံး အကြိမ် လက်တွေ့ ပျံသန်းခဲ့တာဖြစ်ပါတယ်။

အဲဒိအမျိုးအစားသစ်ဒရုန်းဟာ ကမ္ဘာမြေမျက်နှာပြင်အထက် အရမ်းမြင့်မားတဲ့ နေရာမှာ မြန်နှုန်းမြင့်မြင့်နဲ့ ပျံသန်းနိုင်သလို အချိန်ကြာမြင့်တဲ့ စစ်ဆင်ရေးတွေကိုလည်း ကိုင်တွယ်နိုင်သလို ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်နည်းပညာလည်း ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကမီဒီယာတွေရဲ့ အဆိုအရ ရေဒါအများစုဟာ CH-7ကို ထောက်လှမ်းနိုင်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။ CH-7ရဲ့ ပထမဆုံး စမ်းသပ် ပျံသန်းမှုမှာ ဒရုန်းလေယာဉ်ကို အမြင့် ၁၆ မီတာ လောက်မှာသာ ထိန်းသိမ်းပျံသန်းစေခဲ့ပြီး စုစုပေါင်း ပျံသန်းမှုကြာချိန်ကတော့ ၁၆ နာရီအထိရှိခဲ့တယ်လို့ သိရပါတယ်။




