အမေရိကန်ဗဟိုဘဏ်တာဝန်ရှိသူတွေက ဈေးကွက်ထိခိုက်မှု သက်သာစေဖို့ အချက်အလက်အမှန်တွေကို ထုတ်ဖော်ပြောကြားပြီးနောက် သြဂုတ်လ ၆ ရက် ဈေးကွက်ဖွင့်ချိန်မှာ အာရှရှယ်ယာတွေဟာ သက်သာရမှု တစ်ခုနဲ့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။
သြဂုတ်လ ၅ ရက်က အမေရိကန်စီးပွားပျက်ကပ် အလားအလာ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ စတော့ရှယ်ယာအများအပြား ရောင်းထုတ်မှုတွေ ဖြစ်ခဲ့ကြပြီး ဂယက်တွေ ကြီးမားခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ အခြေခံစံနှုန်း အညွန်းကိန်းဟာ သြဂုတ် ၅ ရက်မှာ ၂၀၀၈ နောက် ပိုင်း အများဆုံး ကျဆင်းခဲ့ရာက သြဂုတ် ၆ ရက် မနက်မှာ ၂ ဒသမ ၉၇ ရာခိုင်နှုန်း ပြန်တက်လာခဲ့ပါတယ်။
ရှန်ဟိုင်းရဲ့ SSE အညွှန်းကိန်းဟာ သုည ဒသမ သုည ၈ ရာခိုင်နှုန်း ကျဆင်းမသွားခင် သုည ဒသမ ၆၃ ရာခိုင်နှုန်း တက်လာ ခဲ့ပါတယ်။ တရုတ်တိုင်ပေ စတော့ရှယ်ယာတွေဟာ မနေ့က စံချိန်တင်ကျဆင်းမှုကနေ ၄ ရာခိုင်နှုန်းကျော် ပြန်လည်ခုန်တက်လာပါတယ်။
ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် Chip ထုတ်လုပ်သူ TSMC ရဲ့ အစုရှယ်ယာတွေဟာ အစောပိုင်းကုန်သွယ်မှုမှာ ၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။
အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးဖောင်းပွမှုကို ဆန့်ကျင်ပြီး ကာလကြာရှည် တိုက်ဖျက်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အန္တရာယ်များတဲ့ ပိုင်ဆိုင်မှုတွေကနေ ထွက်ခွာသွားတဲ့အတွက် တနင်္လာနေ့က အာရှရှယ်ယာတွေ ကျဆင်းသွားခဲ့တာပါ။
ခိုင်မာတဲ့ GDP တိုးတက်မှုနဲ့ အလုပ်သမားဈေးကွက်မှာ အတိုင်းအတာတစ်ခုအထိ အင်အားရှိနေပြီး ဗဟိုဘဏ်က အတိုးနှုန်း ဖြတ်တောက်မယ့် မျှော်လင့်ချက်တွေကြောင့် အမေရိကန် စီးပွားရေး ကျဆင်းမယ်လို့ မယုံကြည်ကြောင်း သြစတြေးလျ RMIT တက္ကသိုလ်က ဘဏ္ဍာရေးဆိုင်ရာ တွဲဖက်ပါမောက္ခ အိန်ဂျယ်ချောင်က ပြောပါတယ်။