ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီလူငယ်ကွင်းလယ်ကစားသမား ဂျာအိုနီဗက်စ် ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဩဂုတ်လ(၅)ရက်နေ့က တရားဝင်ကြေညာသွားခဲ့ပါတယ်။
အသက်(၁၉)နှစ်အရွယ် ပေါ်တူဂီလူငယ်ကွင်းလယ်လူ ဂျာအိုနီဗက်စ်ကို မန်ယူအသင်းကလည်း ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမဲ့ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရခဲ့တာပါ။
ဂျာအိုနီဗက်စ်ဟာ ဘင်ဖီကာအသင်းမှာ (၂၀၂၂-၂၀၂၃) ဘောလုံးရာသီဝက်မှသာ စတင်နေရာရခဲ့ပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံ (၇၅)ပွဲအထိ ကစားပေးခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဂျာအိုနီဗက်စ်ကို ခေါ်ယူဖို့အတွက် ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀) ပေးချေခဲ့ရသလို အပိုဆုကြေးတွေ ပါမယ်ဆိုရင် ပေါင်သန်း(၆၀)လောက်ရှိတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဂျာအိုနီဗက်စ်ကို (၂၀၂၉)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။