ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် ဇူလိုင်လအတွင်း ပြည်တွင်း ပြည်ပဘုရားဖူးဧည့်သည် လေးသိန်း လေးသောင်းကျော် လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ကနေသိရပါတယ်။
ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများပြားတဲ့အတွက် အရင်လတွေနဲ့ နှိုင်းယှဉ်ရင် ဘုရားဖူးဝင်ရောက်မှု အနည်းငယ်လျော့ကျခဲ့ပေမယ့် ရုံးဖွင့်ရက်တွေမှာ တစ်ရက်ကို ဘုရားဖူး ခုနစ်ထောင်ကနေ နှစ်သောင်းဝန်းကျင်လာရောက်တာရှိပြီး ရုံးပိတ်ရက်တွေမှာ ဘုရားဖူးသောင်းချီလာရောက်ခဲ့တယ်လို့ဆိုပါတယ်။
ဘုရားဖူးအများဆုံးလာရောက်မှုအနေနဲ့ ဇူလိုင် ၂၀ ရက် ဝါဆိုလပြည့်နေ့က ဘုရားဖူးတစ်သိန်းကျော်အထိလာရောက်ခဲ့ပြီး ဇူလိုင်လအတွင်းမှာ ဘုရားဖူးဝင်ရောက်မှုဟာ သံဃာ၊ သီလရှင်၊ ပြည်တွင်းဘုရားဖူး လေးသိန်း သုံးသောင်းကျော်နဲ့ နိုင်ငံခြားသား ဘုရားဖူး ငါးထောင်ကျော်ရှိခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
ရွှေတိဂုံစေတီတော်ကို အခုနှစ်အတွင်း ဘုရားဖူးဝင်ရောက်မှုအနေနဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ငါးသိန်းကျော်စီ၊ မတ်လမှာ ရှစ်သိန်းကျော်၊ ဧပြီလမှာခြောက်သိန်းကျော်၊ မေလမှာ ငါးသိန်း ခုနစ်သောင်းကျော်နဲ့ ဇွန်လမှာ ငါးသိန်း လေးသောင်းကျော် လာရောက်ဖူးမြော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။