စီးရီးအေကလပ် ရိုးမားအသင်းဟာ ဂျီရိုနာအသင်းကနေခေါ်ယူဖို့အတွက် သဘောတူညီမှုရထားတဲ့ ယူကရိန်း တိုက်စစ်မှူး ဒေါ့ဘတ်ကို ဩဂုတ်လ(၂)ရက်နေ့က တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။
ဒေါ့ဘတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ ဂျီရိုနာအသင်းအတွက် ခြေစွမ်းပြခဲ့တာကြောင့် ရိုးမားအသင်းက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ဘောလုံးရာသီက အံ့ဩစရာကောင်းခဲ့သလို ရိုးမားအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့ တာက ကစားသမားအတွက် နောက်တစ်ဆင့်တက်လာမယ့် လမ်းစဖြစ်တယ်လို့ ဒေါ့ဘတ်က ပြောပါတယ်။
ရိုးမားအသင်းဟာ ဒေါ့ဘတ်ရဲ့ပြောင်းရွှေ့ကြေးကို တရားဝင်ဖော်ပြတာ မရှိပေမယ့် ဂျီရိုနာအသင်းကို ပေါင် (၃၈)သန်း ပေးချေခဲ့ရတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒေါ့ဘတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဂျီရိုနာအသင်းအတွက် လာလီဂါ(၃၆)ပွဲကစားခဲ့ရာမှာ (၂၄)ဂိုးသွင်းယူကာ (၈)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။