စီးရီးအေကလပ် အတ္တလန္တာအသင်းကို ပြောင်းရွှေ့လာခဲ့မှုက ကစားသမားဘဝအတွက် ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ကွင်းလယ်လူ ဇာနီအိုလိုက ပြောကြားလိုက်ပါတယ်။
အီတလီကွင်းလယ်လူ ဇာနီအိုလိုဟာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ဂါလာတာစာရေးနဲ့ ဗီလာအသင်းတွေမှာ ကစားခဲ့ရပြီး ဒဏ်ရာပြဿနာအပြင် ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဇာနီအိုလိုက အခုနွေရာသီမှာတော့ အတ္တလန္တာအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ရောက်လာခဲ့တာဖြစ်ပြီး ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူဖို့ကိုလည်း စာချုပ်ထဲမှာ ထည့်ချုပ်ထားတာဖြစ်ပါတယ်။
အတ္တလန္တာအသင်းဟာ ဇာနီအိုလိုကို အငှားခေါ်ယူဖို့အတွက် ယူရို ၆ ဒသမ ၄ သန်း ကုန်ကျခဲ့ရသလို ရာသီကုန်မှာ အပြီးသတ်ခေါ်မယ်ဆိုရင် ယူရို ၁၅ ဒသမ ၅ သန်းနဲ့ အပိုဆုကြေး ယူရို ၂ သန်း ပေးချေရမှာ ဖြစ်ပါတယ်။
ရိုးမားအသင်းနဲ့အတူ ခြေစွမ်းပြခဲ့ဖူးတဲ့ အီတလီစီးရီးအေပြိုင်ပွဲကို ပြန်လည်ရောက်ရှိ လာခဲ့တာဖြစ်လို့ ကျေနပ်ပျော်ရွှင်မိသလို ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်သွားဖို့အတွက် ကြိုးစားသွားမယ်လို့ ဇာနီအိုလိုက ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ အတ္တလန္တာအသင်းဟာ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်အသင်းနဲ့ ဥရောပစူပါဖလားပွဲကို ကစားဖို့ ရှိနေတာဖြစ်ပါတယ်။