စစ်အေးခေတ်နောက်ပိုင်း အကြီးဆုံး အကျဉ်းသား လဲလှယ်မှုအတွင်း ရုရှားနိုင်ငံရဲ့ ဖမ်းဆီးမှုကနေ ပြန်လည် လွတ်မြောက်လာကြတဲ့ အမေရိကန် သတင်းသမား အီဗန်ဂါစ်ကိုဗစ်ချ်နဲ့ အမေရိကန် မရိန်းတပ်သားဟောင်း ပေါလ် ဝီလန်တို့ဟာ အမေရိကန်ပြည်ထောင်စုကို ကြာသပတေးနေ့က ပြန်လည်ရောက်ရှိကြပြီ ဖြစ်ပါတယ်။
အဲဒီအကျဉ်းသား လဲလှယ်ရေး သဘောတူညီချက်ရရှိဖို့ ရုရှား ၊ ဂျာမနီနဲ့ တခြားနိုင်ငံ သုံးနိုင်ငံတို့နဲ့ စေ့စပ်ညှိုနှိုင်း မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
လျှို့ဝှက်စေ့စပ်ဆွေးနွေးမှုတွေက ရရှိလာတဲ့ အဲဒီ အကျဉ်းသားလဲလှယ်မှုမှာ အကျဉ်းသား (၂၄)ယောက် လဲလှယ်ခဲ့ပြီး အဲဒီထဲက ၁၆ ယောက်ကို ရုရှားကနေ အနောက်အုပ်စုဆီ လွှဲပြောင်းခဲ့ပြီးတော့ အနောက်အုပ်စုဘက်ကနေလည်း ရုရှားဆီကို (၈)ယောက် ပြန်ပို့ပေးခဲ့ပါတယ်။
သဘောတူညီချက်အရ လွတ်မြောက်လာပြီး နိုင်ငံကို ညသန်းခေါင်ယံချိန်မှာ ပြန်ရောက်လာကြတဲ့ အမေရိကန်နိုင်ငံသားတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ ကာမာလာ ဟဲရစ်တို့က မေရီလန်း ပြည်နယ် အန်ဒရူးလေတပ်စခန်းမှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
အခုရရှိခဲ့တဲ့ အကျဉ်းသား လဲလှယ်ရေး သဘောတူညီချက်ဟာ သံတမန်ရေးအောင်ပွဲတစ်ခုလို့ သမ္မတဘိုင်ဒန်က ဂုဏ်တင်ပြောဆိုခဲ့ပြီး ဝါရှင်တန်ရဲ့ မဟာမိတ်တွေကိုလည်း သူတို့ရဲ့ ရဲရင့်ပြီး သတ္တိရှိတဲ့ ဆုံးဖြတ်ချက်တွေအတွက် ချီးမွမ်စကားပြောဆိုခဲ့ပါတယ်။