ဥရောပမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် သွေးလွန်တုပ်ကွေးနဲ့ တခြားအပူပိုင်းဒေသ ကူးစက်ရောဂါပိုးတွေ သယ်ဆောင်လာတဲ့ ခြင်တွေ အရှိန်အဟုန်ပြင်းပြင်း ပေါက်ဖွားလာမှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းနေပါတယ်။
အဲဒီလို ကြိုးပမ်းနေရာမှာ စပိန်နိုင်ငံ ဗလင်စီယာမြို့အနီးက ဓာတ်ခွဲခန်းတစ်ခုမှာ ထောင်ပေါင်းများစွာသော ခြင်ကျားတွေ မွေးမြူပြီး သားကြောဖြတ်ပေးနေပါတယ်။
ဇီဝပိုးမွှားထိန်းချုပ်ရေးစင်တာမှာ အီလက်ထရွန် အရှိန်မြှင့်စက်ကို အသုံးပြုပြီး ခြင်ကျားအထီး ၄၅,၀၀၀ လောက်ကို အပတ်စဉ် သားကြောဖြတ်ပေးနေတာပါ။
သားကြောဖြတ်လိုက်လို့ မြုံသွားမဲ့ အဲဒီခြင်အထီးတွေနဲ့ ခြင်မတွေပေါင်းသင်းပြီး ခြင်တွေထပ်မမွေးတော့ဘဲ ခြင်ကောင်ရေ လျော့ကျအောင် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။
ခြင်တွေဟာ ရာသီဥတု ဖောက်ပြန်မှုမှာ ပိုမို မျိုးပွားမှုများတဲ့ မျိုးစိတ်တစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံး အချိန်တိုင်း ခြင်ကောင်ရေတိုးလာနေတယ်လို့ သိရပါတယ်။
ကမ္ဘာတစ်ဝန်း က တခြားနေရာတွေမှာ ခြင်နှိမ်နင်းဖို့ ပိုးသတ်တဲ့ နည်းပညာကို အသုံးပြုခဲ့ပေမယ့် အခု ဓာတ်ခွဲခန်းဟာ ယင်ကောင်နှိမ်နင်းရေးကနေ ရရှိလာတဲ့ အတွေ့အကြုံအရ ဥရောပမှာ ခြင်ကျားနှိမ်နင်းဖို့ ခေတ်မီနည်းပညာကို ရှေ့ဆောင်အသုံးပြုနေတာ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရာဒေသတွေကနေ ဝင်ရောက်လာတဲ့ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပွားမှု အရေအတွက်ဟာ ဥရောပတိုက်အတွင်း တိုးပွားနေပါတယ်။
ခြင်ကျားတွေဟာ ဥရောပတိုက်မှာ မြောက်၊ အရှေ့ဘက်နဲ့ အနောက်ဘက်တွေဆီ ပျံ့နှံ့နေပြီး အခုအခါ စပိန်အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပေါက်ဖွားနေပါတယ်။