ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ ဘေရွတ်မြို့ကို သြဂုတ် ၁ ရက်က ရောက်ရှိခဲ့ပြီး လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီနဲ့ အစိုးရရုံးဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက သက်ဆိုင်သူ အစုအဖွဲ့တွေ အားလုံးအနေနဲ့ နိုင်ငံတကာ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေးကလည်း အားလုံးဆွေးနွေးညှိနှိုင်းပြီး သံတမန်နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့၊ အကြမ်းဖက်မှုဟာ လူတိုင်းအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက်က ဘေရွတ်တောင်ပိုင်းက အဆောက်အအုံတစ်ခုကို ဒုံးကျည်ထိမှန်ခဲ့လို့ ဟစ်ဇ်ဘိုလာရဲ့ အကြီးတန်း တပ်မှူး ဖူအက်ဒ် ရှူကာ သေဆုံးပြီးနောက် လက်ဘနွန်ခေါင်းဆောင်တွေနဲ့ ဗြိတိန်ဝန်ကြီးတွေ တွေ့ဆုံခဲ့တာပါ။
ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက်လည်း အီရန်မြို့တော် တီဟီရန်မှာ ဇူလိုင် ၃၁ ရက် က တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး ရှူကာကို သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ လက်ဘနွန်တောင်ပိုင်း တိုက်ခိုက်မှုအပြီး ၂၄ နာရီအတွင်း ဟာနီယက်လည်း သတ်ဖြတ်ခံခဲ့ရတာပါ။
သတ်ဖြတ်မှုတွေကြောင့် အစ္စရေးနဲ့ ဟားမာ့စ်တို့ကြား ဂါဇာက ၁၀ လကြာ စစ်ပွဲဟာ ပိုမိုကျယ်ပြန့်တဲ့ အရှေ့ အလယ်ပိုင်းစစ်ပွဲအဖြစ် ပြောင်းလဲလာကာ ဒေသတွင်း ရေနံထောက်ပံ့မှု ပြတ်တောက်သွားမှာကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာနဲ့ ဟားမာ့စ်တို့ကို အီရန်က ထောက်ခံထားပါတယ်။
နောက်ဆုံး သတ်ဖြတ်မှုတွေကြောင့် အစ္စရေးကို လက်စားချေဖို့ ခြိမ်းခြောက်မှုတွေနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ရန်လိုမှုတွေ တိုးလာမှာ ကို စိုးရိမ်နေကြပါတယ်။ အစ္စရေးကလည်း ဒေသတွင်းစစ်ပွဲ မဖြစ်ချင်ပေမယ့် ဘယ်လို တိုက်ခိုက်မှုကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။